ကချင်ဒေသမူးယစ်တိုက်ဖျက်ရေး USAID ဒေါ်လာ ၆သန်းလျာထား

(Zawgyi/Unicode)

ကချင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပေးချက်တွေရယူပြီး စီမံကိန်းရေးဆွဲဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ဒေါ်လာ ၆ သန်း သုံးစွဲသွားမယ့် ဒီစီမံကိန်းဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်တွေနဲ့ လုပ်ဆောင်မယ့် ပထမဆုံး အစီအစဉ်ဖြစ်တယ်လို့ USAID က ပြောပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းတင်ပြ ပေးထားပါတယ်။

ဖွံ့ဖြိုးရေးစီမံကိန်းတွေ အပါအဝင် မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို ပုံမှန်အားဖြင့် USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ဦးဆောင်ပြုလုပ်လေ့ရှိပေမယ့် ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဦးဆောင်တဲ့ပုံစံနဲ့ လုပ်ဆောင်တာ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၆ သန်း အကုန်အကျခံမယ့် ၅ နှစ်စီမံကိန်းကို ကချင်ပြည်နယ်အတွင်းမှာဘဲ လုပ်ဆောင် မယ်လို့ USAID က တာဝန်ရှိသူ ဒေါ်မြင့်မြင့်ကြူက ဗွီအိုအေကို ပြောပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု အဆိုးရွားဆုံးဒေသ တခုဖြစ်တာကြောင့် ဒီ စီမံကိန်းကို ဒီဒေသမှာ စတင်တာလည်း ဖြစ်ပါတယ်။ စီမံကိန်းကို ဘယ်လိုပုံစံရေးဆွဲသင့်တယ်ဆိုတာ သိရှိနိုင်ဖို့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံက ကနဦး အကြံဉာဏ် တောင်းခံမှုတွေ ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁ ရက်နေ့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့အကြောင်း USAID က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ကြူက ပြောပါတယ်။

“ နိုဝင်ဘာ ၁ရက်နေ့မှာပေါ့ USAID ကနေပြီးတော့ ပထမဦးဆုံး ဒေသခံတွေ ဦးဆောင်ပြီးတော့မှ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ဆိုပြီးတော့ အဆိုပြုလွှာကို၊ ဘယ်လိုပြောမလဲ consult လုပ်ပေးဖို့ ခေါ်တဲ့ စာပေါ့နော်။ အဲဒါကို ထုတ်ပြန်ထားပါတယ်။ အဓိကတော့ ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ နောက်ဆက်တွဲ ပြဿနာတွေ၊ ကျန်းမာရေး ပြဿနာတွေ လျှော့ချဖို့အတွက်ပေါ့။ ဒါပေမဲ့ ဒီစီမံကိန်းက ပုံမှန် USAID က လုပ်နေကျအတိုင်း ကျမတို့က ဦးဆောင်ပြီးလုပ်တာမျိုး မဟုတ်ဘဲနဲ့ ဒေသခံတွေကနေ သူတို့ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အပေါ်၊ သူတို့ တင်ပြလာတဲ့ အပေါ်မှာ ကျမတို့ကနေပြီးတော့ ပံ့ပိုးကူညီသွားဖို့ပါ။”

မေလအတွင်း ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲက အဖြေတွေအပေါ် မူတည်ပြီး နိုဝင်ဘာ ၁ ရက်နေ့က လျှောက်လွှာ တွေကို ခေါ်ယူခဲ့တာလို့ ဒေါ်မြင့်မြင့်ကြူက ပြောပါတယ်။

အခု ဒုတိယအဆင့်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း တွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ အကြံဉာဏ်တွေ ရနိုင်ဖို့ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“ အဲဒီမှာပါတဲ့ အကြောင်းအရာတွေကို ဒီဒေသခံ အဖွဲ့အစည်းတွေကို ထပ်ပြီးတော့မှ ရှင်းပြနိုင်အောင် ကျမတို့က အဲဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လုပ်မလို့ရှင့်။”

အစိုးရက ကချင်ဒေသမှာ မူးယစ်ဆေးဝါး ကိစ္စကို ဖြေရှင်းဖို့ကြိုးစားနေပေမဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေက ဒီပြဿနာတွေကို ပိုပြီးဆိုးရွာနေတယ်လို့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ကချင်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လူထုအခြေစိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေတဲ့ ပတ်ဂျာဆန်လို အဖွဲ့တွေ ရှိနေပေမဲ့လည်း ဒီထက်ပို ထိရောက်ဖို့ အစိုးရက ပူးပေါင်း ပါဝင်ဖို့ လိုအပ်ပြီး နည်းဥပဒေသစ်ကို အမြန်ဆုံး ပြဋ္ဌာန်းပေးစေလိုကြောင်း ပတ်ဂျာဆန်အဖွဲ့ရဲ့ ဖားကန့်မြို့နယ် အတွင်းရေးမှူး ဆရာဘရန်နန် က ပြောပါတယ်။

“ သုံးစွဲတဲ့သူကတော့ ကျနော်တို့ ဥပမာ -ရန်ကွက် ၁မှာလုပ်ရင် ရပ်ကွက် ၂ကိုပြောင်းမှာပဲ သူတို့။ ရပ်ကွက် ၂ကို ကျနော်တို့ သွားဖမ်းရင် ၃ကိုပြောင်းမှာပဲ။ ဒါကတော့ အမြဲတမ်း သုံနေကြ၊ ရောင်းနေကြ၊ ဒါကလည်း ပြည်သူလူထုနဲ့ အစိုးရတာဝန်ရှိသူတွေ ပေါင်းပြီးတော့ အစိုးရက ထုတ်ပြန်ထားတဲ့ လက်ရှိတည်ဆဲ ဥပဒေတွေမှာ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်မယ့် နည်းဥပဒေအသစ်တွေ အမြန် ထွက်လာမယ် လို့တော့ ယုံကြည်ပါတယ်။ အဲဒါ ထွက်လာရင်တော့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။”

ဖားကန့်မြို့နယ်ဟာ ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံး ကျောက်စိမ်း အမြောက်အများထွက်တဲ့ နေရာဒေသဖြစ်သလို၊ ကျောက်စိမ်းစီးပွားရေးကိုမှီပြီး အကျိုးအမြတ်ရှာနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာကလည်း တခြားမြို့နယ်တွေထက် အများဆုံးဖြစ်နေပါတယ်။

၂၀၁၉ စက်တင်ဘာ ၂၄ရက်တုန်းကလည်း ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာ ကျောက်စိမ်းမြေစာပုံနားမှာ မူးယစ်ဆေးဝါးရောင်းနေတဲ့သူ နှစ်ယောက်နဲ့ သုံးစွဲသူ အယောက် ၄၀၀ လောက်ကို လူထုအခြေပြု မူးယစ်ဆေးဝါးအဖွဲ့ Pat Jasan အဖွဲ့က ဖမ်းဆီးပြီး ဒေသအာဏာပိုင်ကို အပ်ခဲ့ပါတယ်။ ဖားကန့်ဒေသမှာ အကြိမ်ကြိမ် ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမဲ့လည်း မူးယစ်ဆေးဝါးပြဿနာက ပျောက်သွားတာ မရှိပါဘူး။

ကချင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ တရားဥပဒေစိုးမိုးရေး အားနည်းမှုနဲ့ အဓိက သက်ဆိုင် နေတယ်လို့ ကချင်လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူတဦးဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ဗွီအိုအေကို ပြောပါတယ်။

“ ဖားကန့်လို နေရာမျိုးက ခေတ်အဆက်ဆက်မှာ ဘယ်တုန်းအခါကမှ တရားဥပဒေစိုးမိုးမှု မရှိခဲ့ဘူးရှင့်။ အဲဒီတော့ ပြောရမယ်ဆိုရင် တနိုင်ငံလုံးက အလုပ်လိုအပ်တဲ့သူတွေ သွားတဲ့နေရာဟာ ဖားကန့်လိုဖြစ်နေတယ်။ အဲဒီနေရာမျိုးမှာ တရားဥပဒေ စိုးမိုးဖို့ အင်မတန်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရဲဝန်ထမ်းအင်အား၊ ပြီးရင် တရားရုံး၊ ရှေ့နေဆိုတဲ့ အင်အား ပမာဏအချက်ပေါ်မှာ လူဦးရေက ပိုများနေတယ်။ ပိုက်ဆံလိုတဲ့သူက ပိုများနေတယ်။ ဒီ poverty ( ဆင်းရဲနွမ်းပါးမှု ) ကြောင့်လည်းဖြစ်နိုင်တယ်။ တဖက်ကနေပြီးတော့ ရှိသမျှ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ အားလုံးကလည်း အဲဒီမှာ ရောက်နေတဲ့အခါကျတော့ ဘယ်လိုနည်းနဲ့မှ တရားဥပဒေ စိုးမိုးရေးက မဖြစ်ဘူးရှင့်။”

ကချင်အရပ်ဘက် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွေကို ကချင်လူငယ်တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ အများပြားနဲ့ စုဖွဲ့ထားပေမဲ့ နောက်ပိုင်း အဖွဲ့အစည်းအတွင်းမှာ အင်အားနည်းလာပြီး အရှိန်လျော့ကျလာတယ်လို့လည်း တချို့ကမြင်ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အကျဉ်းထောင်တွေကို လေ့လာထားတဲ့ အချက်တွေအရဆိုရင် အကျဉ်းသားအများစုက မူးယစ်ဆေးဝါးကြောင့် ထောင်ကျလာတဲ့သူက များနေပါတယ်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ၁၉၉၃ မှာ ပြဋ္ဌာန်းခဲ့ပေမဲ့ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ဒီဥပဒေကို အဆင့်ဆင့်ပြောင်းလဲခဲ့ကြပြီး ပြင်ဆင်ထားတဲ့ဥပဒေကို ၂၀၁၈ ဖေဖော်ဝါရီ ၁၄ရက်မှာ အတည်ပြုလိုက်ပါတယ်။ နည်းဥပဒေကတော့ ၁၉၉၅ မှာအတည်ပြုထားတဲ့ နည်းဥပဒေအတိုင်းပဲ လက်ရှိမှာ ကျင့်သုံးနေဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကချင်ဒေသမူးယစ်တိုက်ဖျက်ရေး USAID ဒေါ်လာ ၆သန်းလျာထား


...............


(Unicode)
















