ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားတဲ့ လက်နက်တင်ပို့မှု တားမြစ်ချက်ချက်ကို အမေရိကန်သမ္မတ Barack Obama က ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက် အရင်က ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အမေရိကန်နဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြင့် ဆောင်ရွက်သွားကြဖို့ တနင်္လာနေ့က သဘောတူ လိုက်ကြပါတယ်။ သမ္မတအိုဘားမားနဲ့အတူ လိုက်ပါသွားတဲ့ ဗွီအိုအေ သတင်းထောက် Cindy Saine ဟနွိုင်းမြို့နေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာတဲ့ သမ္မတ အိုဘားမားကို ကြီးကျယ်စွာ ကြိုဆိုတဲ့ အခမ်းအနားမှာ သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်သမ္မတက ဗီယက်နမ်နိုင်ငံအတွက် အလိုချင်ဆုံး လက်ဆောင်ကို ပေးအပ်ခဲ့ပါတယ်။ အမေရိကန်က လက်ရောင်းချမှု ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းပေးလိုက်တဲ့အပေါ် ကျေးဇူးတင်ကြောင်း သမ္မတ အိုဘားမားကို ကြိုဆိုတဲ့ အခမ်းအနားမှာ ဗီယက်နမ်သမ္မတ Tran Dai Quang က ပြောကြားလိုက်ပါတယ်။
“ဗီယက်နမ်နိုင်ငံအပေါ် လက်နက် တင်ပို့မှု တားမြစ်ချက်ကို အမေရိကန်က အပြီးသတ် ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဗီယက်နမ်နိုင်ငံက များစွာ ကျေးဇူးတင်ရှိပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြားက ဆက်ဆံရေး လုံး၀ ပုံမှန်ပြန်ဖြစ်သွားပြီဆိုတာကို သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။”
ဗီယက်နမ်နိုင်ငံဟာ သူ့ထက် ၂၉ ဆလောက်ကြီးတဲ့ တရုတ်နိုင်ငံ က ရေကြောင်းဆိုင်ရာ ကိစ္စတွေမှာ ရန်လိုတဲ့ အပြုအမူနဲ့ လုပ်လာနေမှုအပေါ် စိုးရိမ်နေတာပါ။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားရာက ပုံမှန်အားဖြင့် မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ်တို့ရဲ့ ဆက်ဆံရေးဟာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဗီယက်နမ်နိုင်ငံကို လက်နက် တင်ပို့ ရောင်းချ ခွင့်ပြုဖို့ ဆုံးဖြတ်လိုက် တာဟာ တရုတ်နိုင်ငံကြောင့် မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောပါတယ်။
“စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ စတဲ့ ကဏ္ဍစုံမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ကိစ္စရပ်တွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ဖက်က အားလုံး သိမ်းကြုံးပြီး ပိတ်ပင် တားဆီးမှုတွေ လုပ်ထားတာဟာ မသင့်တော်ပါဘူး။”
အဲဒီလို ပြောဆိုမှုအပေါ် တရုတ်တို့ဖက်က လက်ခံမှာတော့ မဟုတ်ပါဘူး။
လက်ရှိအခြေအနေမှာတော့ ဗီယက်နမ်နဲ့ အမေရိကန်အကြား သဘောထား အကွဲပြားဆုံး ကိစ္စဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စကို လွတ်လပ်စွာ သဘောထားကွဲကြဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။
အင်္ဂါနေ့မှာတော့ သမ္မတ အိုဘားမားဟာ ဟနွိုင်းမြို့တော်မှာ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ဟိုချီမင်းမြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ယူဆရပါတယ်။
နှစ်နိုင်ငံအကြားက ကုန်သွယ်မှု ပမာဏဟာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ၃ ဆနီးပါး တိုးမြင့်ခဲ့ပြီး အခုဆိုရင် နှစ်စဉ် ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံအထိ ရှိလာပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5