အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာရှခရီးစဉ်စတင်

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်နိုင်ငံခြားရေးဌာနမှာ မွန်ဂိုးလီယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Battsetseg Batmunkh (ဝဲ) နဲ့တွေ့ဆုံနေတဲ့ ကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ) (ဇူလိုင် ၂၃၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ အာရှခရီးစဉ် ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်းနဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ထပ်လောင်းအတည်ပြုမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ အစက မနေ့ ဗုဒ္ဓဟူးနေ့ညမှာ ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ သမ္မတ Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဝါရှင်တန် ဒီစီ မြို့တော်မှာ တွေ့ဆုံမယ့်အစည်းအဝေးကို သူ တက်ရောက်ဖို့အတွက် ခရီးစဉ်ကို နောက်တရက်ရွှေ့ဆိုင်းလိုက်တာပါ။

အခု သွားရောက်မယ့် ခရီးစဉ်ဟာ ဝန်ကြီး Blinken အာရှဒေသကို ၁၈ ကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။ လာအိုနိုင်ငံအပြင်၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေကို သွားရောက်မှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်၊ တောင်တရုတ်ပင်လယ်အရေးတို့ကို ဦးစားပေး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီစည်းဝေးပွဲကို ဝန်ကြီး Blinken နဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi လည်း တက်ရောက်မှာဖြစ်သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov လည်း စည်းဝေးပွဲ တက်ဖို့အတွက် ဗီယန်ကျင်းမြို့တော်ကို ရောက်နေပါပြီ။

ဒေသတွင်းနိုင်ငံတွေအပေါ် ဩဇာလွှမ်းမိုးရေး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ အားပြိုင်နေတဲ့အချိန်မှာဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ကျင်းပတာပါ။ ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်တွေမှာတော့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ 2+2 အစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အတူ ဝန်ကြီး Blinken တက်ရောက်ပါလိမ့်မယ်။

Your browser doesn’t support HTML5

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာရှခရီးစဉ်စတင်