{{Zawgyi/Unicode}}
NATOမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တူရကီကို ရုရှားဆီက လေကြောင်းကာကွယ်ရေးစံနစ်ဝယ်ယူမှုနဲ့ သမ္မတထရမ့်အစိုးရအဖွဲ့က တနင်္လာနေ့မှာ အရေးယူဒဏ်ခတ်မှု ချမှတ်လိုက်ပါတယ်။ အမေရိကန်နဲ့ တူရကီတို့ကြား ဆက်ဆံရေးအတိမ်းအစောင်းမခံတဲ့ အခြေနေမျိုးမှာ အခုလို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
တူရကီက ရုရှားဆီက S-400 ဒုံးကျည်ကာကွယ်ရေးစံနစ် ဝယ်ယူတာ အပြင် ဆီးရီးယားအရေး၊ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ အရေးနဲ့ အရှေ့ပိုင်းမြေထဲပင်လယ် အရေးတွေမှာ တူရကီရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ကြား ဆက်ဆံရေး တင်းမာနေတာ တနှစ်ကျော်နေပြီဖြစ်ပါတယ်။
ရုရှားဆီက S-400 ဒုံးကျည်ကာကွယ်ရေးစံနစ် ဟာ NATO စက်ပစ္စည်းတွေနဲ့ မယှဉ်နိုင်တဲ့အပြင် အခုလို တူရကီရဲ့ လုပ်ဆောင်မှုဟာ NATO မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်မှု ရှိလာနိုင်တယ်လို့ အမေရိကန် အရာရှိတွေက သတိပေးနေတာပါ။
ဒါပေမယ့် တူရကီကို အမေရိကန်က သူ့ရဲ့ F-35 stealth တိုက်လေယာဉ်ဝယ်ယူခွင့် ပိတ်ပင်ခဲ့ပြီး ဒီတိုက်လေယာဉ်နဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေမှာပါဝင်ခွင့် မပေးခဲ့တာကလွဲပြီး တခြား အရေးယူမှုတွေ မလုပ်ခဲ့ပါဘူး။ ဒါကလည်း တူရကီဘက်က ပြန်စဉ်းစားလာဖို့ အချိန်ပေးတဲ့ သဘောဖြစ်ပါတယ်။
အခုတော့ ဒီ S-400 ကာကွယ်ရေးစံနစ်ဝယ်ယူတာနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတာကို အမြင့်ဆုံးအဆင့် သတိပေးလိုက်တာ ဖြစ်ပြီး တူရကီအနေနဲ့ ဒီကိစ္စကို အမေရိကန်နဲ့လက်တွဲပြီး ချက်ချင်းဖြေရှင်းဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ တူရကီ စစ်လက်နက် ဝယ်ယူရေးဆိုင်ရာဌာန တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး အမေရိကန်က အရေးယူလိုက်တာ ဖြစ်ပါတယ်။
...............................................
Your browser doesn’t support HTML5
{{Unicode}}