ရုရှားတို့ထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသထဲ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ရုရှားက အမေရိကန်နိုင်ငံကို ပြစ်တင်ပြောဆိုပါတယ်။ ရုရှားဆိုင်ရာ အမေရိကန် သံအမတ်ကြီး Lynne Tracy ကို နိုင်ငံခြားရေးဌာနဆီ ဆင့်ခေါ်ပြီး အဲဒီလို ပြောဆိုခဲ့တာပါ။
ယူကရိန်းတို့က အမေရိကန်တို့ပေးပို့ထားတဲ့မစ်ဇိုင်းဒုံးတွေနဲ့ ခရိုင်းမီးယားဒေသထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အတွက် ကျိန်းသေ လက်တုံ့ပြန်မယ်လို့ ရုရှားတို့က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ အမေရိကန်တို့ထောက်ပံ့ထားတဲ့ ATACMS မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခံရတဲ့အတွက် လူ ၄ ဦးထက်မနည်းသေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ရုရှားတို့က ပြောပါတယ်။
နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး John Bass က တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို သတိမပြုမိပေမယ့် ယူကရိန်းနဲ့ ရုရှားတို့ကြား ပြောဆိုချက်တွေမှာ ကွဲလွဲမှုတွေရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းကတော့ အရပ်သားသေဆုံးမှုအနည်းဆုံးဖြစ်မယ့်နည်းလမ်းကို ရှာဖွေနေချိန်မှာ ရုရှားရဲ့တိုက်ခိုက်မှုတွေက အစကတည်းက ရက်စက်ကြမ်းကြုတ်မှုရှိတယ်လို့ လည်းသူကပြောပါတယ်။
ခုခံကာကွယ်ရေးအတွက် အမေရိကန်တို့ထောက်ပံ့ထားတဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ရုရှားနယ်မြေထဲပစ်ခတ်ဖို့ အမေရိကန်က ပြီးခဲ့တဲ့တပတ်မှာခွင့်ပြုခဲ့တာပါ။ ပဋိပက္ခတွေကြီးထွားမလာအောင်နဲ့ ရုရှားကို လှုံ့ဆော်တာမျိုးဖြစ်မလာအောင် အနောက်နိုင်ငံတွေက သူတို့ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ ရုရှားနယ်မြေတွေထဲ ပစ်ခတ်ခွင့်ပေးဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5