ယူကရိန်းနိုင်ငံအရှေ့ပိုင်း Kharkiv မြို့ထဲကို ရုရှားတို့က စနေနေ့မှာ မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး Oleh Syniehubov က တယ်လီဂရမ်လူမှုစာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးပါတယ်။
ပျောက်ဆုံးနေသူအများအပြားရှိနေသေးတယ်လို့လည်း ပြောပါတယ်။ ဗုံးတွေကျရောက်ပေါက်ကွဲမှုကြောင့် Kharkiv မြို့ထဲက ကုန်မာဆိုင်တခု မီးဘေးသင့်ခဲ့တာမှာ မီးလောင်သေဆုံးခဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခုထိ ရှာဖွေကယ်ဆယ်ရေးသမားတွေဘက်က အပြည့်အဝမပြောနိုင်သေးပါဘူး။
ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အချိန် ဆိုင်ထဲမှာ လူ ၁၂၀ လောက်ရှိနေတယ်လို့လည်း Kharkiv မြို့တော်ဝန် အီဟာ တီရီကော့ဗ်က စနေနေ့မှာပြောပါတယ်။ လူတွေအများကြီးရှိတဲ့ စျေးဝယ်စင်တာကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အကြမ်းဖက်ဝါဒဖြစ်တယ် ဆိုတာ အလွန်ရှင်းပါတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိအချိန်ထိ Kharkiv မြို့ကို အလည်ရောက်နေတဲ့အသက် ၁၂ နှစ်အရွယ်မိန်းကလေးတဦးအပါအဝင် သေဆုံးသူ ၆ ဦးကိုပဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ပါသေးတယ်လို့လည်း ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေကို ဖော်ထုတ်နိုင်ဖို့ ဆွေမျိုးတွေရဲ့မျိုးဗီဇ DNA တွေပေးကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
၂၇ လကြာရှိလာပြီဖြစ်တဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို မနည်းတွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံက ဆွစ်ဇာလန်နိုင်ငံမှာ နောက်လထဲကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ သမ္မတ Volodymyr Zelenskyy ရုရှားဗုံးဒဏ်ကြောင့် မီးလောင်ကျွမ်းနေတဲ့ပုံနှိပ်တိုက်ရှေ့ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့တရုတ်သမ္မ ရှီကျင့်ဖျင်တို့ကို တနင်္ဂနွေနေ့ကပဲ ဖိတ်ကြားသွားခဲ့ပါတယ်။
Your browser doesn’t support HTML5