ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိရာက အမေရိကန်ဒရုန်း ပျက်ကျမှုအတွက် အပြန်အလှန်စွပ်စွဲ

အမေရိကန်လေတပ်က ထုတ်ပြန်ထားတဲ့ဓါတ်ပုံမှာ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် MQ-9 ကိုတွေ့ရတာဖြစ်ပါတယ်

ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင် ဝေဟင်ပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်ဘက်က ပြင်းပြင်းထန် ရှုတ်ချနေချိန်မှာပဲ ရုရှားဘက်ကလည်း ဒါဟာ အမေရိကန်ဘက်က ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်စွပ်စွဲနေပါတယ်။

"ရုရှားလေယာဉ်မှုးရဲ့ လုပ်ရပ်ဟာ ကျွမ်းကျင်မှုမရှိတာကို ပြသရောရောက်ပြီး၊ သူတို့အတွက်လည်း အန္တရာယ်များတယ်။" လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ အင်္ဂါနေ့က ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေး MQ-9 ဒရုန်းယာဉ် ပင်လက်နက်ထဲ ပျက်ကျသွားပြီး ခုထိပြန်မဆယ်နိုင်သေးတဲ့အကြောင်း သူကပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ထောက်လှမ်းရေးဒရုန်းယာဉ် MQ-9

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အမေရိကန်ဆိုင်ရာရုရှားသံအမတ်ကို ချက်ချင်း ဆင့်ခေါ် ကန့်ကွက်ခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ကလည်း ပြောပါတယ်။ ဒီလို ကန့်ကွက်အပြီး ဒီအဖြစ်အပျက်ဟာ အမေရိကန်ပြည်ထောင်စုဘက်က ကျုးကျော်ရန်စတာလို့ အမေရိကန်ဆိုင်ရာ ရုရှား သံအမတ်ကြီး Anatoly Antonov က ရုရှား အစိုးရပိုင် ရုပ်မြင်သံကြားကနေ ပြောဆိုသွားပါတယ်။ ပင်လယ်နက်ထဲမှာ အမေရိကန်ဒရုန်းယာဉ်ကို ခက်ခက်ခဲခဲရှောင်တိမ်းခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပြီး သူတို့တိုက်လေယာဉ်နဲ့ အမေရိကန် ဒရုန်းယာဉ်တိုက်မိခဲ့တယ်ဆိုတဲ့ အမေရိကန်ဘက်က ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ John Kirby ကတော့ ရုရှားဘက်က လုပ်ရပ်ဟာ အမေရိကုန် ဒရုန်းယာဉ်တွေ နိုင်ငံတကာဝေဟင်ပိုင်နက်ထဲ မပျံသန်းအောင် ရည်ရွယ်တာဆိုရင် အောင်မြင်မှာ မဟုတ်တဲ့အကြောင်းနဲ့ လက်ခံမှာ မဟုတ်တဲ့အကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ VOA ရဲ့ အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိရာက အမေရိကန်ဒရုန်း ပျက်ကျမှုအတွက် အပြန်အလှန်စွပ်စွဲ