{{Zawgyi/Unicode}}
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင်လေပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။
“အဖြစ်အပျက်အတိအကျကို ကျနော်တို့ ဆက်ပြီးလေ့လာသုံးသပ်နေပါတယ်။ ဒါပေမယ့် ရုရှားလေယာဉ်မှူးရဲ့အပြုအမူအရ ဒါဟာ အန္တရာယ်မကင်းသလို ပညာရှင်လည်းမဆန်ဘူးဆိုတာထင်ရှားပါတယ်။ သူ့လုပ်ရပ်ကိုကြည့်ရင် သိနိုင်ပါတယ်။” လို့ အမေရိကန်လေတပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က မတ်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။
ဒီဖြစ်ရပ်ကြောင့် အမေရိကန်ရဲ့လူမပါတဲ့ MQ-9 ဒရုန်းယာဉ် ပင်လက်နက်ထဲ ပျက်ကျသွားပြီး ခုထိပြန်မဆယ်နိုင်သေးဘူးလို့လည်း အမေရိကန်စစ်ဖက်အရာရှိတဦး ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ဆိုင်ရာရုရှားသံအမတ်ကို ချက်ချင်း ဆင့်ခေါ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ကပြောပါတယ်။ အန္တရာယ်မကင်းတဲ့ ဒီဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ဖို့ ရုရှားအဆင့်မြင့်အရာရှိတွေနဲ့ အမေရိကန်တာဝန်ရှိသူတွေ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း Ned Price က ပြောပါတယ်။
ရုရှားဆိုင်ရာအမေရိကန်သံအမတ် Lynne Tracy ကလည်း အမေရိကန်အစိုးရရဲ့ ပြင်းထန်စွာကန့်ကွက်တဲ့ သတင်းစကားတွေ ရုရှားနိုင်ငံခြားရေးရုံးကို ပေးပို့ခဲ့တယ်လို့လည်း ပြောခွင့်ရသူ Ned Price ကပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း ဒီဖြစ်ရပ်အကြောင်း ရှင်းလင်းတင်ပြထားတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ John Kirby ကပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပင်လယ်နက်ထဲမှာ အမေရိကန်ဒရုန်းယာဉ်ကို ခက်ခက်ခဲခဲရှောင်တိမ်းခဲ့ရတယ်လို့ အင်္ဂါနေ့မှာပြောပါတယ်။ ဒါပေမယ့်လည်း သူတို့တိုက်လေယာဉ်နဲ့ ဒရုန်းယာဉ်တိုက်မိခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကိုတော့ ရုရှားတို့က ငြင်းဆန်ပါတယ်။
e==============
{{Unicode}}