ပထမဆုံး ဝက်ကျောက်ကပ်အစားထိုး ကုမှုခံယူသူ ကွယ်လွန်

မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံမှာ ဝက်ကျောက်ကပ်နဲ့အစားထိုးကုသနေပုံ။ (မတ် ၁၆၊ ၂၀၂၄/အေပီ)

အမေရိကန်နိုင်ငံမှာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုခံယူခဲ့တဲ့ ပထမဆုံးလူနာဟာ မေလ ၁၂ ရက်နေ့မှာပဲ ကွယ်လွန်သွားပါတယ်။

အစားထိုးကုသမှုခံယူပြီး ၂ လအကြာမှာပဲ လူနာဖြစ်သူ Mr. Rick Slayman ကွယ်လွန်သွားတာလို့ ခွဲစိတ်ကုသပေးခဲ့တဲ့ အမေရိကန် မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံကပြောပါတယ်။ ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် Mr Slayman ကို မတ်လကပဲ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ အောင်မြင်စွာအစားထိုးကုသပေးခဲ့တာဖြစ်တယ်လို့လည်း တနင်္ဂနွေနေ့ထုတ် ဆေးရုံထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သူ ခုလိုကွယ်လွန်သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း၊ ကျောက်ကပ်အစားထိုးကုသမှုခံယူဖို့စောင့်ဆိုင်းနေကြတဲ့ ကမ္ဘာတဝန်းက မရေမတွက်နိုင်တဲ့လူနာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တခုအဖြစ်နဲ့ Slayman ကို ထာဝရအမှတ်ရနေမှာဖြစ်သလို အစားထိုးကုထုံးလောက ပိုမိုအဆင့်မြင့်လာရေးအတွက် လိုလိုလားလားနဲ့ ယုံကြည်ပေးခဲ့တဲ့အတွက်လည်း လေးနက်စွာကျေးဇူးတင်ရပါတယ်လို့လည်း ကြောညာချက်မှာ ဖော်ပြထားတာပါ။

ကမ္ဘာတဝန်း ခန္ဓာကိုဘ်အင်္ဂါအစားထိုးကုသမှုလိုအပ်ချက် အလွန်ကြီးမားနေပြီး မတ်လအတွင်း ကျောက်ကပ်အစားထိုးဖို့စောင့်ဆိုင်းနေတဲ့လူနာပေါင်း ၁,၄၀၀ ကျော်ရှိတယ်လို့ မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံကပြောပါတယ်။ အစားထိုးကုသမှုအတွက်အသုံးပြုခဲ့တဲ့ ဝက်ကျောက်ကပ်ကို eGenesis မက်ဆာချူးဆက်ဇီဝနည်းပညာကုမ္ပဏီက ထောက်ပံ့ပေးခဲ့ပြီး အန္တရာယ်ရှိတဲ့ဝက်မျိုးဗီဇတွေကိုဖယ်ရှားပြီးမှ လူရဲ့မျိုးဗီဇအချို့ကို ထည့်သွင်း ပြုပြင်ခဲ့တယ်လို့လည်း ဆေးရုံက ပြောပါတယ်။

Your browser doesn’t support HTML5

ပထမဆုံး ဝက်ကျောက်ကပ်အစာထိုးကုမှုခံယူသူ ကွယ်လွန်