ယူကရိန်းအကူအညီကိစ္စ ကန်လွှတ်တော်မှာညှိနှိုင်းနေ

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ကျည်ခွံ၊ အမြောက်ဆံခွံတွေနဲ့လုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်ဘေးမှာ ဖြတ်လျှောက်နေတဲ့ ယူကရိန်းစစ်သားများ။ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုရဲ့ ယူကရိန်းအကူအညီသစ်ကို ဒီနှစ်အတွင်း အတည်ပြုပြဌာန်းပေးဖို့ အမေရိကန်လွှတ်တော်မှာ အချိန်သိပ်မရတော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်အစိုးရကတင်သွင်းထားတဲ့ ဒီဥပဒေကြမ်းအတွက် အပြန်အလှန်အားဖြင့် ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေအတွက် နယ်စပ်လုံခြုံရေးအသုံးစရိတ်ချထားရေး အထက်လွှတ်တော်အမတ်တွေက အခု သီတင်းပတ်ကုန်မှာ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

ယူကရိန်းမှာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ်ရင်ဆိုင်ပြီးကတည်းက ယူကရိန်းကို လက်နက်နဲ့အထောက်အပံ့တွေအတွက် အမေရိကန်ဘက်က ဒေါ်လာ ဘီလီယံတရာကျော် ကူညီခဲ့ပြီးပါပြီ။ အခုနောက်ထပ် အကူအညီ ဘီလီယံ ၆၀ ပေးဖို့ သမ္မတ Joe Biden က လွှတ်တော်ကို အတည်ပြုချက်တောင်းထားတာပါ။ ဒါပေမယ့်လည်း ဒီနောက်ထပ်အကူအညီအပေါ် ရီပတ်ဘလီကန်အမတ်တွေဘက်က လိုလိုလားမရှိလှပါဘူး။

ယူကရိန်းအတွက် နောက်ထပ်အကူအညီထပ်ပေးဖို့ဆိုရင် အမေရိကန်တောင်ပိုင်းနယ်စပ်ကနေ ဝင်လာတဲ့အရေအတွက်လျှော့ချဖို့နဲ့ တိုင်းပြည်တွင်းရှိနေပြီးသားတချို့ကို နေရပ်ပြန်ဖို့ရေး လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေ တိုးဖို့ အထက်လွှတ်တော်ရီပတ်ဘလီကန်အမတ်တွေက တောင်းဆိုနေကြပါတယ်။ ဒီအပေါ်တွေမှာ သဘောတူညီမှုတခုရအောင်လို့ အမေရိကန်အစိုးရပိုင်းက ကိုယ်စားလှယ်တွေနဲ့အတူ ပါတီကြီးနှစ်ခုက အမတ်တွေ ကြိုးစားညှိနှိုင်းနေကြပါတယ်။

အမေရိကန်အထက်လွှတ်တော်အစည်းအဝေးတွေကို ဒီနှစ်အတွက် နောက်ဆုံးရက်အဖြစ် ပြီးခဲ့တဲ့ကြာသာပတေးနေ့က သတ်မှတ်ထားပေမယ့် နောက်ထပ်ညှိနှိုင်းမှုတွေအတွက် အချိန်ထပ်ပေးထားပါတယ်။ အောက်လွှတ်တော်အစည်းအဝေးတွေ ဒီနှစ်အတွက်ပြီးသွားပြီဆိုပေမယ့် သဘောတူညီချက်ရရင်တော့ အစည်းအဝေးပြန်ခေါ်ယူ မဲခွဲရနိုင်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအကူအညီကိစ္စ ကန်လွှတ်တော်မှာညှိနှိုင်းနေ