စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့သူ ကန်အရေးယူ

(ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)

စစ်ကောင်စီအတွက် လေယာဉ်ဆီရောင်းချ ဖြန့်ဖြူးပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ စစ်တပ်က ကိုယ့်ပြည်သူတွေကိုသတ်ဖြတ်ရာမှာ သူတို့တွေရောင်းချပေးနေတဲ့ လေယာဉ်ဆီကို အသုံးပြုခဲ့တယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပိတ်ဆို့အရေးယူမှုအသစ်စာရင်းမှာ ပါလာသူတွေကတော့ ဒေါ်ခင်ဖြူဝင်းနဲ့ ဦး ဇော်မင်းထွန်းတို့ ဖြစ်ကြပြီး ကုမ္ပဏီသုံးခုကတော့ သူတို့နဲ့ပတ်သက်နေတဲ့ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအတွက် အရေးပါတဲ့နောက်ထပ်ကဏ္ဍတခုကို တိုးချဲ့ပစ်မှတ်ထား အရေးယူလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့နိုင်ငံသားတွေကို ဖိနှိပ်နိုင်စေတဲ့ စစ်ကောင်စီ ရဲ့အရင်းအမြစ်တွေ ပိုပြီး ဆုံးရှုံးအောင်လုပ်နိုင်ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်လှမ်းရေးဌာနရဲ့အတွင်းဝန် ဘရိုင်ယန် နယ်လ်ဆန် (Brian Nelson) က ကြေညာချက်မှာ ပြောပါတယ်။

မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့ စစ်ကောင်စီဟာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်တာ အပေါ် ပိုလို့ပိုလို့ အားထားလာနေရတယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်းပြီးကတည်းကဆိုရင် စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ အသက်ပေါင်း ၃,၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဇွန်လတုန်းကလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းအပါအဝင် နိုင်ငံတော်ပိုင်လုပ်ငန်းတွေက နိုင်ငံခြားငွေအတွက် အသုံးပြုနေတဲ့ ဘဏ် ၂ ဘဏ်ကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့သူ ကန်အရေးယူ