မြန်မာလူငယ်တွေအတွက် ရန်ကုန်မြို့က အမေရိကန် ပညာရေးပြပွဲ

ရန်ကုန် အမေရိကန် ပညာရေးပြပွဲ

အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာ သွားရောက်သင်ကြားလိုတဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန်က တက္ကသိုလ်၊ ကောလိပ်တွေရဲ့ ပညာရေးပြပွဲ ကျင်းပပေးတာဟာ အခွင့်လန်းကောင်းတခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။ အမေရိကန်က တက္ကသိုလ်၊ ကောလိပ်တွေက ကိုယ်စားလှယ်တွေ လာရောက်ပြီး ရှင်းလင်းပြောကြားပေးတဲ့ ပညာရေးပြပွဲကို ရန်ကုန်မြို့ Novotel ဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ သံအမတ်ကြီးက အဲဒီလိုပြောသွားတာပါ။ အပြည့်အစုံကိုတော့ ဒီပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

US University Fair - အမေရိကန်တက္ကသိုလ် ပြပွဲလို့ အမည်ပေးထားတဲ့ ဒီ ပညာရေးပြပွဲကိုတော့ ရန်ကုန်မြို့ အမေရိကန်သံရုံးယဉ်ကျေးမှုဌာန လက်အောက်ခံ Education USA က ဦးစီး ကျင်းပပေးတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ပညာသွားသင်လိုကြတဲ့ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပြီး အမေရိကန်နိုင်ငံက နံမည်ကြီး တက္ကသိုလ်၊ ကောလိပ်တွေအပါအဝင် တပိုင်တနိုင်လို့ ဆိုလို့ရနိုင်မယ့် ဒေသန္တရ ကောလိပ်တွေက ကိုယ်စားလှယ်တွေကလည်း သိချင်တဲ့ မေးခွန်းတွေကို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာ၊ ပြပွဲ ကျင်းပရာ နေရာမှာပဲ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး သိသင့်တဲ့ အချက်အလက်တွေကို ရှင်းလင်း ပြောပြပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကတော့ - အမေရိကန်က တက္ကသိုလ်တွေ အခုလို လာရောက်ပြီး ပညာရေးပြပွဲ ပြုလုပ်ပေးတာဟာ လူငယ်ကျောင်းသားတွေ အတွက် အခွင့်လန်းကောင်း တခုဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စာတော်ပြီး နိုင်ငံခြားမှာ ပညာသွားသင်လိုကြတဲ့ ကျောင်းသားတွေ အတွက် ဒါဟာ အင်မတန် ကောင်းမွန်တဲ့ အခွင့်လန်းကောင်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ အမေရိကန်နိုင်ငံမှာ ကျောင်းကောင်းတွေ အများကြီး ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ပြပွဲမျိုးကို လာလိုက်တဲ့အတွက် တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့်ရပြီး ဘယ်ကျောင်းက ကိုယ့်အတွက် သင့်တော်မယ်ဆိုတာကို ရွေးချယ်ဖို့ လွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အင်မတန် ကောင်းမွန်တဲ့ အခွင့်လန်းကောင်းတခု ဖြစ်ပါတယ်။"

အမေရိကန်အစိုးရအနေနဲ့ Fulbright ၊ Humphrey စတဲ့ လူသိများတဲ့ ပညာသင်ဆုတွေ မြန်မာ ကျောင်းသားတွေအတွက် ထောက်ပံ့ပေးနေတာတွေ ရှိသလို၊ မြန်မာနိုင်ငံအတွင်းမှာဘဲ တက္ကသိုလ်တက်နေပြီး Semester တခုလောက် အမေရိကန်မှာ သွားရောက် သင်ကြားခွင့်ရှိတဲ့ ပညာသင်ဆု ထောက်ပံ့ပေးတာမျိုးတွေ ပြုလုပ်နေကြောင်းလည်း သံအမတ်ကြီး Scot Marciel က ပြောပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ကျောင်းတက်ကြသူ အများစုအတွက် တက္ကသိုလ်၊ ကောလိပ်တွေက ပညာသင်ဆုတွေ ထောက်ပံ့ပေးတာ များတာကြောင့် ဒီလို ပညာရေးပြပွဲမှာ ကျောင်းတွေနဲ့ ထိတွေ့ ဆက်ဆံရတာဟာ အကောင်းဆုံး အခွင့်အလန်း ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ပညာရေးပိုင်းမှာ ထောက်ပံ့ ကူညီပေးနေတဲ့ တခြား အစီအစဉ်တွေကိုလည်း သံအမတ်ကြီးက အခုလို ရှင်းပြပါတယ်။

"ကျနော်တို့အနေနဲ့ ပညာရေးပိုင်းမှာ အတော်များများ လုပ်ပေးနေတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေပါ။ မြန်မာနိုင်ငံထဲမှာ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ လူမှုအသိုင်းဝိုင်းတွေထဲမှာ အင်္ဂလိပ်စာ သင်တန်းတက်နိုင်အောင် ကူညီပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ နောက် စာသင်ကျောင်းတွေ၊ အစိုးရ ရုံးတွေမှာ ပညာရေး အရည်အသွေး မြင့်တက်လာအောင် လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့ Peace Corp လို့ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်အားပေး အစီအစဉ်ပါ။ အဲဒီ အစီအစဉ်တွေ အားလုံးကို အင်္ဂလိပ်လိုဘဲ သင်ကြား ပို့ချပေးပါတယ်။"

ဒေါ်ဇာနည်လွင်ဟာ Education USA ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက အမေရိကန်မှာ တက္ကသိုလ်တွေကို သွားလေ့လာခွင့်မရတဲ့ မြန်မာကျောင်းသားတွေအတွက် ဒီလို ပညာရေးပြပွဲတွေ အရေးပါတဲ့အကြောင်း အခုလို ပြောပါတယ်။

"ဘာကြောင့်လုပ်ရလဲဆိုတော့၊ အမေရိကားမှာတော့ ကျောင်းသားတွေက ကိုယ်တက်မယ့်ကျောင်းကို သွားစုံစမ်းကြတယ်၊ လိုက်လေ့လာကြတယ်။ မြန်မာနိုင်ငံလို အာရှနိုင်ငံတွေ ကတော့ သွားပြီးမလေ့လာနိုင်မှာစိုးလို့ ကိုယ်စားလှယ်တွေကလာပြီးတော့ သူတို့ကျောင်းအကြောင်းကို အဲလို လာရှင်းပြတဲ့အတွက်ကြောင့် ကျောင်းတွေလိုက်ပြီးတော့ ရွေးချယ်လို့ရတယ်။ ဒီလိုကျောင်း ကတော့ ဘယ်လို offer ပေးလဲ၊ ဒီမှာ ဘယ်လိုပရိုဂရမ်တွေတက်လို့ရလဲ ၊ ကျောင်းသားတွေကိုယ်တိုင်က ကျောင်းကကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်မေးမြန်းတွေ့ ဆုံနိုင်ပါတယ်။"

အမေရိကန်မှာ ကျောင်းတက်လိုကြတဲ့ မြန်မာလူငယ်တွေအနေနဲ့ ရန်ကုန် အမေရိကန်စင်တာနဲ့ မန္တလေး Jefferson Center တို့မှာ ဖွင့်ထားတဲ့ Education USA Advising Center မှာ အကြံဉာဏ်တွေ အခမဲ့ ရယူနိုင်တယ်လို့လည်း ဒေါ်ဇာနည်လွင်က ပြောပါတယ်။

Education USA - ပညာရေးပြပွဲတွေကို နှစ်စဉ် ကျင်းပလာတာ ဒါဟာ (၆) ကြိမ်မြောက် ဖြစ်ပါတယ်။

မနေ့ကလည်း မန္တလေးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးက ဦးစီးပြီး အလားတူ ပညာရေးပြပွဲကို ကျင်းပခဲ့တာမှာ စိတ်ဝင်စားသူ ကျောင်းသားလူငယ်ပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

မစုမြတ်မွန်ဟာ မြန်မာလူငယ်တွေအတွက် အခမဲ့ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးနေတဲ့ EduVision နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှုအဖွဲ့က အမှုဆောင် ညွန်ကြားရေးမှူး ဖြစ်ပါတယ်။

"ကျွန်မတို့ ပညာရေးနဲ့ပတ်သတ်ပြီးတော့ပေါ့နော် နိုင်ငံခြားကိုကျောင်းသွားတက်ချင်တယ်။ အခုလို အမေရိကန်တွေမှာကျောင်းသွားတတ်ချင်တယ်ဆိုရင် ကျွန်မတို့က ဝန်ဆောင်မှုပေးပါတယ်။ အခု Education Fair မှာချိတ်ဆက်ထားတဲ့ ဒီကောလိပ်တွေ ယူနီဗာစတီတွေနဲ့ ကျွန်မတို့ချိတ်ဆက်ထားတယ် ဖောင်တွေဘယ်လိုဖြည့်ရမလဲ နိုတြီတွေဘယ်လိုပြန်ရမလဲ ဗီဇာတွေဘယ်လိုလျှောက်ထားရမလဲပေါ့နော် အဲဒါတွေက ကျွန်မတို့ ဝန်ဆောင်မှုပေးတယ် အကြံဉာဏ်ပေးတယ်။ ကျွန်မတို့က ယူနီဗာစတီတွေ ကောလိပ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့အတွက်ကြောင့်မို့လို့ ဝန်ဆောင်ခ မရှိပါဘူး။ "

သူတို့အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ ပညာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်တာနဲ့အညီ အမေရိကန်အပြင် တခြား ကနေဒါနဲ့ ဥရောပနိုင်ငံတွေအတွက်လည်း ပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးနေတယ်လို့ မစုမြတ်မွန်က ပြောပါတယ်။

မြန်မာနိုင်ငံ တဖြည်းဖြည်း ပွင့်လင်းလာတာနဲ့အမျှ ပြင်ပကမ္ဘာနဲ့ ဆက်နွယ်မယ့် လမ်းကြောင်းတွေလည်း ပွင့်လာပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်လိုတဲ့ လူငယ် ကျောင်းသား အရေအတွက်ဟာလည်း တဖြည်းဖြည်း များလာနေတာပါ။

ဒါကြောင့်လည်း အမေရိကန်သံရုံး Education USA က ဦးဆောင် ကျင်းပတဲ့ အခုလို ပညာရေး ပြပွဲတွေအပြင် မစုမြတ်မွန်တို့လို ပုဂ္ဂလိက အဖွဲ့တွေက ဦးဆောင် ပြုလုပ်တဲ့ ပညာရေးပြပွဲတွေ၊ အမေရိကန် တက္ကသိုလ်၊ ကောလိပ်တွေက သူ့အစီအစဉ်နဲ့ သူလာရောက် ကျင်းပတဲ့ ပညာရေး ပြပွဲတွေလည်း ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ မကြာခန ကျင်းပလေ့ ရှိပါတယ်။

Your browser doesn’t support HTML5

မြန်မာလူငယ်တွေအတွက် ရန်ကုန်မြို့က အမေရိကန် ပညာရေးပြပွဲ