ရုရှားတိုက်လေယာဉ်နဲ့ အမေရိကန်ဒရုန်း ဝင်တိုက်မိတဲ့ မှတ်တမ်းဗွီဒီယို ကန်စစ်တပ်ထုတ်ပြန်

ပင်လယ်နက်ပေါ်မှာ အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို ရုရှားစစ်လေယာဉ် ကြားဖြတ် နှောင့်ယှက်ခဲ့တဲ့ ဗွီဒီယိုကိုအမေရိကန်စစ်တပ်က မတ်လ၁၆ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပင်လယ်နက်ပေါ်မှာ အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို ရုရှားစစ်လေယာဉ် ကြားဖြတ် နှောင့်ယှက်ခဲ့တဲ့ ဗွီဒီယိုကိုအမေရိကန်စစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန် အဝေးထိန်းဒရုန်း MQ-9 နားကို ရုရှားတိုက်လေယာဉ် Sukhoi Su-27 က အနောက်ကနေ ပျံသန်းလာပြီး လေယာဉ်ဆီတွေ ဖောက်ချကာ ဒရုန်း အပေါ်ကနေ ကျော်တက်သွားတာကို မြင်ရပါတယ်။ နောက်ထပ် Sukhoi Su-27 ကလည်း အလားတူ အမေရိကန်ဒရုန်းနားကို ချဉ်းကပ်ပျံသန်းလာတာကို တွေ့ရပြီးနောက် ဗွီဒီယိုပုံရပ်သွားပါတယ်။ အမေရိကန်ဒရုန်းနဲ့ ရုရှားဒုတိယ တိုက်လေယာဉ်တိုက်မိတာကြောင့် တိုက်ရိုက်ရိုက်ကူးတဲ့ ဗွီဒီယိုရပ်သွားတာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဗွီဒီယိုပြန်ပေါ်လာချိန်မှာတော့ ထောက်လှမ်းရေးဒရုန်းယာဉ် အမြီးမှာတပ်ထားတဲ့ ဒလက်တခု ကွေးသွားတာကို မြင်ရပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့ ဆက်သွယ်စကားပြောခဲ့ကြပြီး နောက်တရက်မှာ အမေရိကန်စစ်တပ်က ဒီ Video ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒလက်ပျက်ပြီး ပင်လယ်နက်ထဲ ကျသွားခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေးဒရုန်းယာဉ်ကို ပြန်ဆယ်နိုင်အောင် ကြိုးစားသွားမယ်လို့ အမေရိကန်စစ်တပ်က ပြောထားပါတယ်။ ပင်လယ်နက် နေရာတော်တော်များများကို ရုရှားတို့ ထိန်းချုပ်ထားပေမယ့် အဲဒီဒေသမှာ မဟာမိတ်တွေအများကြီးရှိပါတယ်လို့ ပူးတွဲစစ်ဦးစီးချုပ်များအကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley ကပြောကြားထားပါတယ်။

Your browser doesn’t support HTML5

ရုရှားတိုက်လေယာဉ်ကြောင့် ပျက်ကျသွားတဲ့ အမေရိကန်ထောက်လှမ်းရေးဒရုန်းပေါ်က မှတ်တမ်း

ရုရှားကလည်း အမေရိကန် ထောက်လှမ်းရေးဒရုန်းကို ဆယ်ယူမယ်လို့လည်း ပြောနေပါတယ်။ ထောက်လှမ်းရေးဒရုန်းယာဉ် ရေထဲပျက်ကျ မသွားခင် အကဲဆတ်တဲ့ Software တွေ အချက်အလက်တွေကို အဝေးကနေ လှမ်းပြီး ဖျက်ထားခဲ့တယ်လို့ အမေရိတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်အနေနဲ့ နိုင်ငံတကာဥပဒေအတိုင်း ဘယ်မှာမဆို ပျံသန်းမှုတွေ၊ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Austin ကပြောပါတယ်။ နိုင်ငံတကာလေကြောင်းပိုင်နက်ထဲမှာ လုပ်နေကျလုပ်ငန်းတွေကို ဆောင်ရွက်စဉ် ဒရုန်းယာဉ် ဖျက်ချခံရတာလို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ရုရှားတိုက်လေယာဉ်နဲ့ အမေရိကန်ဒရုန်း ဝင်တိုက်မိတဲ့ မှတ်တမ်းဗွီဒီယို ကန်စစ်တပ်ထုတ်ပြန်