ကမ္ဘောဒီးယားရွေးကောက်ပွဲရလဒ် ကန်ဝေဖန်

ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံတခုမှာတွေ့ရတဲ့ မဲပြားတပြား (ဇူလိုင် ၂၃၊ ၂၀၂၃)

ကမ္ဘောဒီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရပါတီ (CPP) ကအပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားက နိုင်ငံခြား အကူအညီပေးရေး အစီအစဉ်တချို့ကို ရပ်ဆိုင်းထားလိုက်ပြီး လူပုဂ္ဂိုလ်တချို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန် ခိုင်လုံတဲ့ ပြိုင်ဘက်မရှိဘဲ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့ ဒီရွေးကောက်ပွဲကြောင့် အမေရိကန်က စိတ်ပျက်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ရွေးကောက်ပွဲမတိုင်မီနိုင်ငံရေးအတိုက်အခံတွေ၊ မီဒီယာတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအပေါ် နည်းမျိးစုံနဲ့ ခြိမ်းခြောက်နှောက်ယှက်ခဲ့တယ်လို့လည်း ကြေညာချက်မှာဖော်ပြပါတယ်။ ဒီမိုကရေစီကိုထိပါးတဲ့ ဒီလိုလုပ်ဆောင်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ကမ္ဘောဒီးယားမှာ ရှိတဲ့နိုင်ငံခြား အကူအညီပေးရေးအစီအစဉ်တချို့ကို ယာယီရပ်ဆိုင်းဖို့နဲ့ ဗီဇာကန့်သတ်ချက်တွေချမှတ်ဖို့ လုပ်ဆောင်ခဲ့တာလို့လည်း ပြောခွင့်ရ Matthew Miller ကပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ CPP ပါတီက လက်ရှိဝန်ကြီးချုပ် Hun Sen (ဝဲ) နဲ့ သူ့ရဲ့သားဖြစ်သူ Hun Manet (ယာ)

ကမ္ဘောဒီးယားအာဏာပိုင်တွေအနေနဲ့ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ဖို့၊ အစိုးရကို ဝေဖန်သူတွေနဲ့ ပတ်သက်တဲ့ ခံယူချက်အမြင်တွေကို ပြောင်းလဲဖို့၊ နိုင်ငံတကာအလည်မှာ ရပ်တည်ချက် တိုးတက်ခိုင်မာဖို့အတွက် လွတ်လပ်တဲ့ မီဒီယာတွေကို ဝင်ရောက်စွက်ဖက်တာမရှိဘဲ လုပ်ဆောင်ခွင့် ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။

အခုလို CPP ပါတီအနိုင်ရခဲ့တာကြောင့် နှစ်၄၀နီးပါးကြာ အာဏာချုပ်ကိုင်လာခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဆက်ပြီး အုပ်စိုးခွင့်ရမှာဖြစ်သလို တပြိုင်တည်း ဟွန်ဆန်ဟာ အမေရိကန် စစ်တက္ကသိုလ် West Point ကျောင်းဆင်းတဲ့ သားဖြစ်သူ Hun Manet ကို အာဏာလွှဲပေးနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ နိုင်ငံကို အုပ်ချုပ်လာတာ ၃၈ နှစ် ရှိပြီဖြစ်ပြီး ဒီလို အနောက်နိုင်ငံတွေက ဝေဖန်မှုတွေကို ပယ်ချပြီး သူ့သားဆီကို အာဏာလွှဲပေးနိုင်ရေးမှာ ဆူးငြောင့်ခလုတ်ဖြစ်လာမယ့် အရာမှန်သမျှကို တားဆီးဖယ်ရှားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားရွေးကောက်ပွဲရလဒ် ကန်ဝေဖန်