သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အရှေ့တောင်အာရှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ် ကျွမ်းကျင်သူတွေသတိပေး


 USIP ဌာနချုပ်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းများအကြောင်းဆွေးနွေးပွဲ (ဇူလိုင် ၁၈၊ ၂၀၂၃)
USIP ဌာနချုပ်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းများအကြောင်းဆွေးနွေးပွဲ (ဇူလိုင် ၁၈၊ ၂၀၂၃)

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြီးထွားလာနေတဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်လာနေရာမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ဆက်စပ်နေတဲ့အပေါ် အမေရိကန်အနေနဲ့အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း USIP အကြီးအကဲ Lise Grande ကပြောကြားလိုက်ပါတယ်။ တနင်္လာနေ့က ဝါရှင်တန်ဒီစီက USIP ဌာနချုပ်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းများအကြောင်းဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

"လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ကူးစက်ရောဂါဆိုင်ရာ စီးပွားရေးအခက်အခဲတွေ၊ တိုးမြင့်လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လူငယ်အလုပ်လက်မဲ့တွေ၊ နိုင်ငံတကာခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို လူကုန်ကူးသူတွေ အခွင့်ကောင်းယူ အသုံးချခဲ့ကြပါတယ်။ ဒေါ်လာဘီလီယံပေါင်းများစွာလည်ပတ်နေတဲ့ ဆိုက်ဘာ အင်တာနက်လိမ်လည်မှုလုပ်ငန်းတွေမှာ အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးငယ် ထောင်ပေါင်းများစွာကို အဓမ္မစေခိုင်းပြီး အမြတ်ထုတ်ခဲ့ကြပါတယ်။"

လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် သံအမတ်ကြီး Cindy Dyer စင်ဒီဒိုင်ယာက ပြောသွားတာပါ။ ဒီနှစ်ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုအစီရင်ခံစာရဲ့ ထူးခြားချက်အနေနဲ့ ဆိုက်ဘာရာဇဝတ်လုပ်ငန်း အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေရဲ့ ရလာဒ်အနေနဲ့ အဓမ္မစေခိုင်းမှုတွေ အရှိန်အဟုန်ကြီးမားလာနေတာကို မီးမှောင်ထိုးပြထားကြောင်း သံအမတ်ကြီးက ပြောသွားပါတယ်။

အခုလို အချိန်တိုအတွင်းကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေဟာ အမေရိကန်ရဲ့ ပြိုင်ဘက် တရုတ်နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတာတွေရှိနေတဲ့အပေါ်မှာ အလွန်စိုးရိမ်မကင်းဖြစ်မိကြောင်း USIP ဥက္ကဌ Lise Grande (လီစ် ဂရမ်ဒေး)က သူရဲ့အဖွင့်မိန့်ခွန်းမှာ အခုလိုပြောသွားပါတယ်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုတခုအနေနဲ့ ပေါ်ထွက်လာတာ ကျမတို့အားလုံးသိကြမယ်ထင်ပါတယ်။ ဒီရာဇဝတ်မှုတွေဟာ အကာအကွယ်မဲ့သူတွေအပါအဝင် အလုပ်ကိုကြိုးစားလုပ်ကိုင်နေသူ သန်းပေါင်းများစွာအတွက် အလွန်အန္တရာယ်ကြီးစေတာပါ။ ဒါအပြင် ဒီရာဇဝတ်မှု ကွန်ရက်တွေနဲ့ လုပ်ငန်းအများအပြားဟာ ကျမတို့ရဲ့ ပြိုင်ဘက်တွေထဲက တခု ဒါမှမဟုတ် နောက်ကြောင်းရာဇဝင်အရ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေကြောင်း သက်သေအထောက်အထားတွေ တိုးတိုးလာနေတာဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဖိလစ်ပိုင် ကမ္ဘောဒီးယား ပြီးရင် အခုမြန်မာနိုင်ငံကို ပြောင်းရွှေ့လာကြတာဖြစ်တယ်လို့ USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး Jason Tower က ဆွေးနွေးပွဲမှာပြောဆိုသွားပါတယ်။ ကရင်ပြည်နယ် ရွှေကုက္ကိုလ်မှာ ရှိနေတဲ့ ဒီရာဇဝတ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရက ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် အခု စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ သူ့လက်အောက်ခံ ကရင်BDF နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဒီရာဇဝတ်မြို့ကို ထင်ထင်ရှားရှားအကာအကွယ်ပေးခဲ့တယ်လို့ အခုလိုသူက ပြောသွားပါတယ်။"

နိုင်ငံတဝှမ်းမှာ ဖိနှိပ်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်မြို့ကို ဒီနှစ်ဧပြီလမှာ တပ်တွေဖြန့်ကျက်ပြီး အင်နဲ့အားနဲ့ အကာအကွယ်ပေးခဲ့တာတွေ့ရပါတယ်။ သူတို့လုပ်ရပ် အောင်မြင်ခဲ့ပါတယ်။ ဆိုက်ဘာကျွန်ပြုခံနေရပြီး အတင်းအကျပ် စေခိုင်းခံနေရသူပေါင်း ခန့်မှန်းချေ ၁၀၀၀၀လောက်မနည်း ရှိတဲ့ အဲဒီမြို့က ရာဇဝတ်ဂိုဏ်းတွေကို စစ်တပ်က ကာကွယ်ပေးနိုင်ခဲ့ပါတယ်။"

တရုတ်အစိုးရကတော့ သူနိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ဒီရာဇဝတ်လုပ်ငန်းတွေကို မြန်မာနဲ့ ပူးပေါင်းပြီး နှိမ်နင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်ဂန်က အတိအလင်း ကြေညာထားတာပါ။ တကမ္ဘာလုံးကို ခြိမ်းခြောက်လာနေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို တရုတ်အနေနဲ့ အမှန်တကယ် ဖြေရှင်းဆောင်ရွက်နိုင်ပါမလားလို့ ဗွီအိုအေက မေးရာမှာ Jason Tower က အခုလိုပြောပါတယ်။

အခြားတဖက်မှာတော့- ဒီရာဇဝတ်ဂိုဏ်းကွန်ရက်တွေဟာ တရုတ်နိုင်ငံက ကြီးမားတဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးသူတွေနဲ့ ပတ်သက်နေသလို၊ ဒီရာဇဝတ်လုပ်ငန်းတွေကို ဦးဆောင်နေသူတွေဟာ တရုတ်နိုင်ငံကို ပြန်သွားတယ်ဆိုရင် သူတို့ အသိုက်အမြုံကို ပြန်ရောက်သွားသလိုမျိုးဖြစ်နေတာပါ။ အထူးသဖြင့် ဒီရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေဟာ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း အစပျိုးတဲ့နေရာတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာကြောင့် နိုင်ငံရေးအရလည်း တနည်းတလမ်းနဲ့ ပံပိုးနေတာပါ။ အဂတိလိုက်စားတဲ့ အခြေအနေတွေကြောင့်လည်း အဓိကလုပ်ဆောင်နေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို နှိမ်နင်းဖို့ ခက်ခဲစေတာပါ။

USIP ဌာနချုပ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာတရားမျှတရေးမစ်ရှင်းက အကြီးတန်းအရာရှိ Jacob Sims နဲ့ ဒေသတွင်းကျွမ်းကျင်သူ ဖိလစ်ပိုင် ပါမောက္ခ Alvin Camba တို့လည်း ဦးဆောင်ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG