မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း ပြသကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တိုက်တွန်းလိုက်ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်မယ့် ဥပဒေကြမ်းကို ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုပြီး ဒီမိုကရေစီရေး အားပေးဖို့လည်း တိုက်တွန်းခဲ့တာပါ။
“မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ပစ်ပယ်ခဲ့တဲ့ လူရမ်းကားစစ်တပ်ရဲ့ ဖေဖော်ဝါရီလက လုပ်ရပ်ကို ကွန်ဂရက် လွှတ်တော်အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။” လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်ကိုယ်စားလှယ် Gregory Meeks က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ဆွေးနွေးရာမှာ ပြောဆိုလိုက်တာပါ။
အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်းထားတဲ့ “Burma Unified through Rigorous Military Accountability Act of 2021” လို့ အမည်ပေးထားတဲ့ ၂၀၂၁ ခုနှစ် ဥပဒေကြမ်းကို ပူးတွဲ အဆိုပြုခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Steve Chabot ကလည်း မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် တင်ပြခဲ့တာပါ။
နိုင်ငံခြားရေး ကော်မတီဝင် ဒီမိုကရက်ကိုယ်စားလှယ် Kathy Manning ကတော့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပါအဝင် မတရား ဖမ်းဆီးထားသူတွေ လွတ်မြောက်ဖို့ အပါအဝင် ဒီမိုကရေစီရေးအတွက် ဥပဒေကို အတည်ပြုနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဥပဒေကြမ်းမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ စစ်တပ်နဲ့ စစ်ကောင်စီ သာမက ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား အရေးယူဖို့ ထည့်သွင်းထားပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးကို အမေရိကန်အစိုးရက တာဝန်ပေးဖို့တွေလည်း ပါဝင်ပါတယ်။
............................
Your browser doesn’t support HTML5
{{Unicode}}