အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် သွင်းကုန်ခွန်တိုးမြှင့်တဲ့ အစီအစဉ်သစ်တွေကို ဒီနေ့မှာ တရားဝင်စတင်လိုက်ကြပါပြီ။ အမေရိကန် ဘက်ကတော့ ဒေါ်လာ ၁၆ ဘီလီယံ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ဒီလဆန်းမှာပဲ ကြေညာထားတာပါ။
ဒီမတိုင်ခင် ဇူလိုင်လဆန်းမှာတုန်းကလည်း ဒေါ်လာ ၃၄ ဘီလီယံ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ထားပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ အလားတူ ပမာဏအတိုင်း အခွန်တွေကို တိုးမြှင့်ခဲ့တာပါ။ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်ကြောင်းနဲ့ WTO ရဲ့ ကုန်သွယ်ရေး အငြင်းပွားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ ဥပဒေနဲ့အညီ ဖြေရှင်းသွားမှာဖြစ်ကြောင်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဇွန်လကစလို့ ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ ကိုယ်စားလှယ်တွေ ဝါရှင်တန်မှာ တွေ့ဆုံကြတဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ ဒုတိယနေ့မှာပဲ သွင်းကုန်ခွန် တိုးမြှင့်မှုအသစ်တွေ စတင်အသက်ဝင်ခဲ့တာပါ။ သမ္မတ Donald Trump ကတော့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲကနေ များများစားစား မျှော်လင့်မထားကြောင်း Reuters သတင်းဌာနနဲ့ ဒီသီတင်းပတ်ထဲ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
သမ္မတ Trump အစိုးရကတော့ တရုတ်နိုင်ငံက နည်းပညာလုပ်ငန်းတွေကို အစိုးရက အကြီးအကျယ် ပံ့ပိုးနေတဲ့အတွက် ယှဉ်ပြိုင်မှုတွေမှာ မမျှမတ ဖြစ်နေတာကို ပြောင်းလဲဖို့နဲ့ အမေရိကန် ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံ ဈေးကွက်ထဲ ဝင်ဆန့်နိုင်အောင် လမ်းဖွင့်ပေးဖို့ တောင်းဆိုနေတာပါ။ ကမ္ဘာမှာစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာတဝန်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၂၀ ပြည့်နှစ်လောက်အထိ ဝ.၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်ကြောင်းလည်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
Your browser doesn’t support HTML5