သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံ ကုန်သွယ်ရေးစစ် ဆွေးနွေးညှိုနှိုင်းမှု မရှိသေးဟု တရုတ်ပြောဆို


သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမှုတွေကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာနေတဲ့အပေါ် ဆွေးနွေးညှိနှိုင်းဖို့ အမေရိကန်နဲ့ ဆက်သွယ်ပြောဆိုနေတာ မရှိတဲ့အကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်တဲ့ စီးပွားရေးမူဝါဒတွေအဖြစ် အမေရိကန် သမ္မတ Donald Trump အစိုးရက စွပ်စွဲပြီး တုန့်ပြန်အရေးယူတဲ့ အနေနဲ့ သြဂုတ်လကုန်ကစလို့ ဒေါ်လာဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန်တွေ တိုးကောက်ဖို့ အမေရိကန်က အင်္ဂါနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng ကတော့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်ချင်ပေမဲ့၊ ဖြစ်လာရင်လည်း ကြောက်နေမှာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ အမေရိကန် အစိုးရကို စည်းရုံးပြောဆိုဖို့လည်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စီးပွားရေး လုပ်နေတဲ့ အမေရိကန် လုပ်ငန်းတွေကို သဘောထားကောက်ယူထားတဲ့ စစ်တမ်းတခုမှာတော့ နည်းပညာတွေကို အတင်းအကျပ် လွဲှပြောင်းတာကို ထိန်းချုပ်ဖို့ အပါအဝင် သွင်းကုန်ခွန် တိုးမြှင့်တဲ့ အစီအစဉ်အပေါ် အများစုက ဆန့်ကျင်ခဲ့ကြတာပါ။ တချိန်တည်းမှာပဲ တောင်ကိုရီးယား နိုင်ငံက Hyundai ကားလုပ်ငန်းရဲ့ အလုပ်သမားသမဂ္ဂက သွင်းကုန်စည်းကျပ်မှုစည်းမျဉ်းသစ်ကြောင့် အမေရိကန်မှာ အလုပ်အကိုင် ၂ သောင်းလောက် ဆုံးရှုံးနိုင်ကြောင်း ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံက တင်သွင်းနေတဲ့ သံမဏိနဲ့ အလျူမီနီယံတွေအပေါ် အမေရိကန်က အခွန်တွေ တိုးမြှင့်ကောက်ခံလိုက်ပြီး နောက်မှာပဲ တရုတ်နိုင်ငံဘက်ကလည်း အမေရိကန် သွင်းကုန်တွေကို အခွန်တွေ တိုးကောက်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က ဒေါ်လာဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း တိုးကောက်ဖို့ အမေရိကန်က ထပ်မံကြေညာခဲ့တာပါ။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို လက်တုန့်ပြန်မှာ ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG