ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ထိပ်သီးညီလာခံကို အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူတက်ရောက်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား တရုတ်နိုင်ငံ၊ Hangzhou မြို့ကို စနေနေ့ နေ့ခင်းပိုင်းမှာ ရောက်ပါတယ်။ ညီလာခံမကျင်းပခင်မှာ တရုတ်သမ္မ ရှီကျင့်ဖျင်နဲ့ အိုဘားမား တွေ့ဆုံမှာပါ။
ထိပ်သီးညီလာခံကို တနင်္ဂနွေနဲ့ တနင်္လာ ၂ ရက်တာကျင်းပမှာဖြစ်ပါတယ်။ ဒီညီလာခံပြီးရင် မစ္စတာအိုဘားမားဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းကို ဆက်လက် ထွက်ခွာပြီး အင်္ဂါကနေ ကြာသပတေးနေ့အထိကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။
G-20 ညီလာခံအတွင်း ခက်ခဲတဲ့အကြောင်းအရာအတော်များများနဲ့ မစ္စတာ အိုဘားမား ရင်ဆိုင်ရမှာဖြစ်သလို နှေးကွေးနေတဲ့ကမ္ဘာ့စီးပွားရေး ဦးမော့လာအောင် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ ဥတုရာသီပြောင်းလဲမှု ရပ်တန့်သွားအောင် ရှေ့ဆက်တိုး လုပ်ကိုင်သွားဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ က ခေါင်းဆောင်တွေ အပြင်းအထန်ဆွေးနွေးကြမှာပါ။
အိုဘားမားဟာ သမ္မတတယောက်အနေနဲ့ အာရှကို ၁၁ ကြိမ်မြောက် ခရီး ထွက်တာဖြစ်ပြီး သူ့ရဲ့ ၈ နှစ်ကြာ သမ္မတသက်တမ်းအတွင်း အာရှဒေသတွင်း အမေရိကန်ရဲ့သြဇာလွှမ်းမိုးမှု အားကောင်းအောင် ကြိုးပမ်းလာတာဖြစ်ပါတယ်။
အိုဘားမားဟာ တရုတ်သမ္မတ ရှီအပြင် တူရကီသမ္မတ Recep Tayyip Ergodan နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin နဲ့ လည်း ညီလာခံဘေးပန်းမှာ တွေ့ဆုံလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့လည်း တနင်္ဂနွေနေ့မှာ အိုဘားမား တွေ့ဆုံမယ်လို့ အိမ်ဖြူတော် ကပြောပါတယ်။ ဒါဟာဆိုရင် ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ဖို့ မဲပေးရွေး ချယ်ခဲ့တာကြောင့် David Cameron ရာထူးက နုတ်ထွက်ပြီး ဂျူလိုင်လမှာ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုုပ် May နဲ့ အိုဘားမားတို့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြမှာလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5