မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ စီးပွားရေးလုပ်ကိုင်နေကြတဲ့ အမေရိကန်စီးပွားရေးကုမ္ပဏီတွေဟာ တာဝန်သိ ရင်းနှီး မြှုပ်နှံမှုတွေလုပ်နေကြပါတယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အခြေ စိုက် မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့ကတော့ အဲဒါကို အပြည့်အ၀ သဘောမတူပါဘူး။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်၊ မြန်မာ့အရေးအဖွဲ့က လေ့လာတွေ့ရှိချက်နဲ့ အမေရိကန်-မြန်မာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အခြေအနေ တွေကို ဒီသီတင်းပတ်စီးပွားရေကဏ္ဍမှာ တင်ပြထားပါတယ်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker ဟာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ဆောင်မှု ရုံးကို သောကြာနေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ဖွင့်လှစ်တဲ့အခမ်းအနားအတွင်း အမေရိကန်ကုမ္ပဏီတွေ စီးပွားရေး လုပ်နေပုံနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ် ရင်းနှီးမြှုပ်နှံကြတဲ့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ် ထားတဲ့အတိုင်း သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အစီရင်ခံတင်ပြဖို့ ကုမ္ပဏီတွေကို အားပေးတိုက်တွန်းပါတယ်လို့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က ပြောပါတယ်။ "အမေရိကန်ကုမ္မဏီတွေဟာ လုပ်ငန်းလည်ပတ်တဲ့ နေရာမှာ သိပ်ကို အဆင့်အတန်းမြင့်မားပြီး အမေရိကန်တွေ အရေးတကြီး တန်ဖိုးထားတဲ့ အလုပ်သမားစံနှုန်းတွေ၊ ယဉ်ကျေးမှု အပါအဝင် လူမှုစီးပွား စံနှုန်းတွေကိုပါ လေးစားလိုက်နာရင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေကြတာပါ။ ဥပမာ၊ GAP အဝတ် အထည်ကုမ္ပဏီ၊ Coca Cola အချိုရည် ကုမ္ပဏီကြီးတွေဟာ မြန်မာအမျိုးသမီးတွေအတွက် ကျွမ်းကျင်မှုသင်တန်းတွေ ပေး၊ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တည်းပေးနေသလို APR စွမ်းအင်ကုမ္မဏီကလည်း မြန်မာပြည်သူ ၁၀% အတွက် လျှပ်စစ် မီးပံ့ပိုးပေးရင်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေကြပါတယ်။"
US Campaign for Burma (USCB) အဖွဲ့ဟာ အမေရိကန်မှာအခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားလုပ်ဆောင်နေတဲ့အဖွဲ့ပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ စီးပွားလုပ်ကိုင်နေတဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ဝန်ကြီး Prezker မပြောခင် တရက်မှာပဲ
USCB အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတဲ့ တာဝန်သိ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အစီရင်ခံရမယ့် လိုအပ်ချက်တွေကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေ ပွင့်လင်းမြင်သာမှု ရှိရှိ လိုက်နာရဲ့လား၊ စေ့စပ်သေချာစွာ စိစစ်တာတွေလုပ်ရဲ့လား၊ လက်တွေ့မှာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်သိစွာ စီမံ ခန့်ခွဲရဲ့လားဆိုတာတွေကို သုံးသပ်လေ့လာထားတဲ့ အစီရင်ခံစာပါ။
ဒီအစီရင်ခံစာကိုပြုစုရာမှာ အဓိကပါဝင်ခဲ့သူတဦးကတော့ USCB အဖွဲ့ရဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး Rachel Wagley ပါ။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ တချို့ကုမ္ပဏီတွေဟာ သိပ်ကို တာဝန်သိတဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်နေပေမယ့် အဲဒီလိုမလုပ်တဲ့ ကုမ္ပဏီ အမြောက်အများရှိနေတယ်လို့ Rachel က ထောက်ပြပါတယ်။
“အစီရင်ခံစာတောင်မှ မတင်တဲ့ကုမ္ပဏီတွေရှိပါတယ်။ ဒေါ်လာငါးသိန်း ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေရှိပေမယ့် သူတို့ ဟာ တကယ်တမ်းကျ အစီရင်ခံစာ မတင်သေးပါဘူး။ ဒါဟာ သိပ်ကို ပြဿနာကြီးတယ်လို့ ကျမတို့မြင်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေဟာ မြင့်မားတဲ့ စံနှုန်းစံထားတွေအတိုင်း လုပ်နေတယ်လို့ ဝန်ကြီးကပြောတယ်ဆိုတော့ ဒါက ရယ်စရာတခုလိုပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ တရုတ်ကုမ္ပဏီတွေထက် စံနှုန်းစံထား ပိုမြင့်တယ်ဆိုကတော့ မှန်တာပေါ့ရှင်။ ဒါပေမဲ့လည်း ပိုပြီးတိုးတက်အောင် လုပ်လို့ရတာတွေ အများကြီးရှိနေပါသေးတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ လုပ်နေတဲ့ ကုမ္ပဏီတွေ ကို ကြည့်မယ်ဆိုရင် သူတို့နဲ့လက်တွဲလုပ်နေတာ ဘယ်သူတွေဆိုတာကိုတောင် မပြောပါဘူး။ စေ့စပ်သေချာစွာ စိစစ်တာမျိုး မလုပ်သလို လူ့အခွင့်အရေးစံနှုန်းတွေကို မလိုက်နာတာတွေတောင်ရှိပါတယ်။”
ဝန်ကြီး Pritzker ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာလည်း အခြေခံအဆောက်အအုံကအစ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ၊ အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံနိုင်ရေးအခြေအနေ စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့တယ်လို့လည်း ပြောပါတယ်။
"ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့လိုအပ်သလဲ၊ တရားဥပဒေ စိုးမိုး ရေးလား၊ ပွင့်လင်းမြင်သာမှုလား၊ ဥပဒေဘောင်သတ်မှတ်ရေးလား၊ ဥပဒေပြဌာန်းရေးလား၊ ဥပမာ ဘဏ်ဥပဒေ၊ နှစ်ဘက်ညှိနှိုင်းမှု၊ ထောက်ပို့ရေးပိုင်း လုပ်ထုံးလုပ်နည်း စတာတွေကို ပွင့်ပွင့်လင်းဆွေးနွေးနိုင်ခဲ့လို့ အကျိုးရှိပါတယ်။ စီးပွားရေးတိုးတက်ဖို့ အမေရိကန်ဘက်က လုပ်ပေးနိုင်အောင်လည်း တွန်းအားပေး ပံ့ပိုးသွားမယ်လို့ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေသာမက ပြည်သူတွေအတွက်ပါ အကျိုးရှိစေဖို့ ဆောင်ရွက်မယ်လို့လည်းပြောပါတယ်။"
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အစီရင်ခံစာတင်ပြရေး လုပ်ဆောင်ဖို့အတွက် အရင်းအမြစ် အလုံအလောက်ရှိတယ်လို့ သူတို့ အနေနဲ့ အကောင်းမြင်ထားကြောင်း USCB အဖွဲ့က Rachel Wagley က ပြောပါတယ်။
“ကျမတို့ရဲ့ရည်ရွယ်ချက်က ကုမ္ပဏီတွေအနေနဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံသူတွေဖြစ်လာပြီး မြန်မာနိုင်ငံလို ပတ်ဝန်းကျင်မျိုးမှာ ကောင်းမွန်တဲ့ စီးပွားရေးလုပ်နည်းတွေကို ပုံစံချစေဖို့ဖြစ်ပါတယ်။ ဒါက အစီရင်ခံစာပြုစုတာမှာ ကျမတို့ရဲ့ ရည်ရွယ်ချက်ပါပဲ။”
တကယ်ကတော့ အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ် ရင်းနှီးမြှုပ်နှံခွင့်ရတာ နှစ်နှစ်နီးပါးပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစုနီးပါးကြာ ကာလအတွင်း မြန်မာစစ်အစိုးရအဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒဏ်ခတ် အရေးယူတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ် ရင်းနှီးမြှုပ်နှံခွင့် မပြုဘူးဆိုပြီး ပိတ်ပင်ထားခဲ့တာပါ။
၂၀၁၂ ဇူလိုင်လမှာ အမေရိကန် ဘဏ္ဍာငွေကြေးပိုင်း ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံကိုမပေးဖို့ ပိတ်ပင်ထားတာကို ဖြေလျော့ပြီး ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်ဖို့ ခွင့်ပြုပြီး လမ်းပြန်ဖွင့်ခဲ့ပါတယ်။
စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့လို နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေပြန်ပေးရေး အမေရိကန်က စတင်ထောက်ခံခဲ့ပါတယ်။
နိုဝင်ဘာလမှာ မြန်မာနိုင်ငံကကုန်ပစ္စည်းတွေ အမေရိကန်ဆီ မတင်သွင်းဖို့ ပိတ်ပင်ထားတာကို ဖြေလျော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျောက်သံပတ္တမြားနဲ့ တွင်းထွက်ပစ္စည်းတွေတော့ မပါသေးပါဘူး။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံက အဓိကဘဏ်ကြီးလေးခုမှာ အမေရိကန်နိုင်ငံသားတွေ ငွေစာရင်းဖွင့်ခွင့်အပါအဝင် တခြား ဘဏ္ဍာငွေကြေးပိုင်း ဝန်ဆောင်မှုတွေ လုပ်ဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။
မေလမှာ အမေရိကန်နဲ့မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဘောင်ဆိုင်ရာ သဘောတူညီချက် TIFA ကို လက်မှတ်ရေးထိုးခဲ့ကြတာကြောင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေမှာ ဆက်လက် ဆွေးနွေးပြီး ပူးပေါင်း ဆောင် ရွက်ဖို့ လမ်းပွင့်သွားပါတယ်။ တခါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ အမေရိကန်ကုမ္ပဏီတွေကို ထောက်ပံ့ကူညီနိုင်ရေး ပထမခြေလှမ်းအဖြစ် ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း OPIC နဲ့ မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်အားပေး ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဇူလိုင်လမှာတော့ မြန်မာ့ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီဥပဒေအရ အထွေထွေ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတာ သက်တမ်းကုန်သွားတဲ့အတွက် မြန်မာနိုင်ငံက ကုန်ပစ္စည်းအများစု အမေရိကန်တင်သွင်းခွင့် ပြန်ရခဲ့ပါတယ်။
၂၀၁၄ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံဆီတင်ပို့တဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် ကာလတိုနဲ့ ကာလလတ် ချေးငွေနဲ့ ချေးငွေ အာမခံချက်တွေကို အမေရိကန် ပို့ကုန်သွင်းကုန်ဘဏ် EXIM က စပြီး ကမ်းလှမ်းခဲ့ပါတယ်။
အခုနောက်ဆုံးကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေကို အကူအညီပေးဖို့ ပထမဆုံး ပြည်ပ ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုရုံးကို ဖွင့်လှစ်ခဲ့တာပါပဲ။ တခါ လုပ်ဆောင်နေဆဲဖြစ်တဲ့ ကိစ္စတခုကတော့ GSP လို့ခေါ်တဲ့ အထူးအခွင့်အရေးပေး အစီအစဉ်ထဲမှာ ထည့်သွင်းဖို့ မြန်မာနိုင်ငံ အကျုံးဝင်းခြင်း ရှိမရှိဆိုတာကို အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ USTR က လေ့လာသုံးသပ်နေတာပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၄၃.၆ သန်း ရင်းနှီးမြှုပ်နံှဖို့ အမေရိကန် ကုမ္ပဏီတွေက စီစဉ်ထားပြီး အမေရိကန်က မြန်မာနိုင်ငံဆီ တင်ပို့ကုန်ပမာဏဟာ ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၉.၈ သန်းရှိခဲ့ရာ ကနေ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၁၄၅.၇ သန်းထိ တိုးသွားခဲ့တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။