ဦးသိန်းစိန်အစိုးရ သမိုင်းမျက်နှာပန်းလှစေရေး နိုင်ကျဉ်းတွေပြန်လွှတ်ဖို့ ကန်တိုက်တွန်း

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken သတင်းစာရှင်းလင်းပွဲလုပ်စဉ်။(သတင်းဓါတ်ပုံ-VOA သတင်းထောက် မသိင်္ဂ ီလင်း)

မကြာမီသက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိစဉ် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်း ပြောကြားပါတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းအားဖြင့် လက်ရှိအစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြီးပြည့်စုံစေတဲ့ သမိုင်းအမွေ ကျန်ရစ်စေမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာမှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေ ရှိတဲ့အကြောင်း အပါအဝင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အမေရိကန် အစိုးရက ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ့် အကြောင်းတွေပါ ပြောကြားရင်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရေးကိစ္စကိုပါ ထည့်သွင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိအစိုးရအနေနဲ့ သူတို့ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြီးပြည့်စုံအောင် လုပ်ဆောင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ တကယ်တော့ လက်ရှိအစိုးရရဲ့ ကျန်ရစ်မယ့် သမိုင်းအမွေအနှစ်တွေအနက် တခုကတော့ ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်ပေးရေး ပါဝင်ပါတယ်။ အစိုးရသစ်ကို အာဏာလွဲပေးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်ပေးပြီးသား ဖြစ်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ သမိုင်းအမွေအနှစ်ဟာ ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ အစိုးရသစ် တက်လာတဲ့အခါမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ တယောက်မှ မကျန်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးသင့်ပါတယ်။”

ဦးမင်းလွင်ဦးဟာ AHRC - အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေတဦးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ကျန်ရှိနေသေးတယ်ဆိုတာကို ထောက်ပြ ပြောဆိုပါတယ်။

“ကျနော်တို့သိသလောက် သမ္မတဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် (၁၁)ကြိမ်လောက်ပေးတယ်။ အဲဒီမှာ နိုင်ငံရေးသမား တွေအကုန်မပါဘူး။ ကျန်ခဲ့တဲ့သူတွေထဲမှာအထူးသဖြင့် ဗိုလ်မှူးဝင်းနိုင်ကျော်၊ ဗိုလ်ကြီးနေလင်းဒွေးတို့ကအစ ကျန်နေခဲ့တယ်။ နောက်ပြီးကိုထင်ကျော်ကျန်နေတယ်။ နော်အုန်းလှ၊ ကိုနေမျိုးဇင် စတင်ထင်ရှားတဲ့နိုင်ငံရေးသမားတွေအဖြစ် အကျဉ်းထောင်ထဲမှာ ဆက်ပြီးကျန်နေတာရှိတယ်။ လက်ပံတန်းကိစ္စမှာ ကျောင်းသားတွေနဲ့ပတ်သက်လို့ပြောမယ် ဆိုရင်အကုန်လုံးတောင်လွှတ်ပေးရမယ့် သဘောရှိတယ်။ ဒါပေမဲ့လည်းအခုချိန်ထိကို အချိန်ဆွဲထားပြီးတော့ အမှုလည်းမစစ်ဖြစ်၊ ကျောင်းသားတွေလည်း ဒုက္ခရောက် ကျန်းမာရေးတွေလည်းက သိကအောက်ဖြစ်နေ တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ နောက်ပိုင်းမှာပုဒ်မတွေတောင်တမျိုးပြီးတမျိုး တိုးပြီးတော့ ကျောင်းသားတွေအပေါ်စွဲဆိုလာတဲ့ကိစ္စက အစိုးရရဲ့သဘောထားကအမှန်ရောကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားတွေပေါ်မှာ ရှင်းရှင်းလင်းလင်းရှိရဲ့လားဆိုတာမေးစရာဖြစ်နေတာပေါ့။”

တကယ်တော့ ကုလသမဂ္ဂလူ့အခွင့်အရေးပဋိဉာဏ် စာတမ်းအရ မိမိယုံကြည်ချက်ကို ဖော်ထုတ် ပြသမှုကြောင့် ဖမ်းဆီးခံထားရသူအားလုံးကို သူတို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ကြောင်း ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

“ကုလသမဂ္ဂပဋိဉာဏ်စာတမ်းမှာပါတဲ့အချက်တွေအရပြောရမယ်ဆိုရင်တော့ မိမိရဲ့ယုံကြည်ချက်၊ မိမိရဲ့ထင်မြင်ယူဆချက်ကိုလွတ်လွတ်လပ်လပ် ထုတ်ဖေါ်ပြောဆိုတဲ့ကိစ္စရပ်တွေကို ကန့်သတ်ပြီးတော့ဖမ်း ဆီးခံထားရတာဟာလူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ကျနော်တို့မြင်တယ်။ အဲဒီလိုမျိုးဖမ်းဆီးခံနေရတဲ့ သူတွေကိုလည်းနိုင်ငံရေးအကျဉ်းသမားအဖြစ်ကျနော်တို့ကသတ်မှတ်တယ်။ ထိုနည်းတူစွာပဲ ဒီအင်တာနက်မှာ ရေးတာပဲဖြစ်ဖြစ်၊ ပုံကိုဖြန့်ဝေတာပဲဖြစ်ဖြစ်ပေါ့နော်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ထားတဲ့ ဓါတ်ပုံကို အင်တာနက် အွန်းလိုင်းပေါ်မှာ ဖြန့်ချိမှုနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၆ လ အပြစ်ပေးခံထားရတဲ့ ချစ်သမီး ခေါ် ချေယစန္ဒီထွန်းနဲ့ ဆက်သွယ်ရေးပုဒ်မ (၆၆) နဲ့ တရားစွဲဆိုခံထားရတဲ့ ပက်ထရစ် ခွန်ဂျာလီတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုမင်းသွေးသစ်တို့ အပါအဝင် ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြား တက်ကြွလှုပ်ရှားသူ အများအပြားလည်း ဖမ်းဆီး ထိန်းသိမ်းခံထားကြရဆဲ ဖြစ်ပါတယ်။

AAPP – B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - မြန်မာနိုင်ငံက နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရလည်း မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦး ကျန်ရှိနေသေးပြီး နိုင်ငံရေးအမှု ရင်ဆိုင်နေရသူ ၄၇၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးခဲ့သူ ၂၃ ယောက်လည်း ပါဝင်ပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကလည်း မြန်မာအစိုးရအနေ နဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေ အပေါ် တင်ထားတဲ့ စွဲချက်တွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးပြီး ဖမ်းဆီးခံထားရသူတွေကိုလည်း ခြွှင်းချက်မရှိ ပြန်လွတ်ပေးဖို့ ဇန်နဝါရီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ပေးခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့အတွက် HRW က တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ် ခင်ဗျား။