အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ

အမေရိကန် သမ္မတ Barack Obama ၂၀၁၅ အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ခဲ့စဉ်။

အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီး အစည်းအဝေးပွဲတွေကို ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Barack Obama လက်ခံကျင်းပပြီး၊ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက် ကြမှာ ဖြစ်ပေမဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ မတက်ဖြစ်ပါဘူး။ အမေရိကန်နဲ့ အာဆီယံ၊ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ညီလာခံမှာ သတင်းယူဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ရှားဖောင်။ ။ အခု ကိုကျော်ကျော်သိန်းရောက်နေတဲ့ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးကပေါ့နော် ကို ကျော်ကျော်သိန်း သိရသလောက် အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေက ဘာတွေလဲရှင့်။

ကို ကျော်ကျော်သိန်း ။ ။ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေက သူတို့ တရားဝင်ထုတ်ပြန်ထားတဲ့ ဆွေးနွေးပွဲအကြောင်းအရာ အရဆိုရင် တနင်္လာ၊ အင်္ဂါ နှစ်ရက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာ သူတို့ ညနေ ၃း၃၅ အဲဒီအချိန်လောက်မှာစပြီးတော့ ဒီ အာဆီယံ စီးပွားရေး အဝန်းအဝိုင်း နဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်ဆိုင်ရာ လုပ်ငန်းတွေကို မြှင့်တင်အားပေးဖို့ဆိုတဲ့ အကြောင်းအရာကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ပြီးတော့ ဆွေးနေးကြမှာပါ။ အင်္ဂါနေ့ကျရင်တော့ ကျနော်တို့ မနက် ၉ နာရီမှာ အာရှပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကြွယ်ဝချမ်းသာရေးနဲ့ လုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးကြဖို့ အကြောင်းအရာ ၂ ခု ရှိပါတယ်။ ဒီခေါင်းစဉ်တွေအောက်မှာပဲ ကျနော်တို့ ဆွေးနွေးမယ်လို့ ခန့်မှန်းထားတဲ့ အကြောင်းအရာတွေထဲမှာတော့ အရှေ့တောင်အာရှဒေသအတွင်းမှာ အဓိကအကြောင်းအရာ ကိစ္စတခုဖြစ်တဲ့ တောင်တရုတ်ပင်လယ် အတွင်းနယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားနေတဲ့ ကိစ္စတွေ ပါပါလိမ့်မယ်။ တခါ အမေရိကန်နဲ့ အာဆီယံဒေသအကြား စီးပွားရေး နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပါပါလိမ့်မယ်။ ဒါ့အပြင်ကို သမ္မတ Barack Obama နဲ့ ထိပ်သီးအစည်းအဝေး တက်လာတဲ့ အာဆီယံခေါင်းဆောင်တွေ နိုင်ငံအသီးသီးက အာဆီယံခေါင်းဆောင်တွေကြားထဲမှာ တနိုင်ငံချင်းပေါ့လေ၊ သီးခြား အလွတ် သဘော တွေ့ဆုံဆွေးနွေးတာတွေလည်းရှိလိမ့်မယ်လို့ ခန့်မှန်းထားတာတွေတော့ရှိပါတယ်ခင်ဗျ။

ရှားဖောင်။ ။ ဟုတ်ကဲ့ရှင်။ ဒီထိပ်သီးဆွေးနွေးပွဲကပေါ့နော် အမေရိကန်နဲ့ အာဆီယံအကြား ဘယ်လောက်အထိ အရေးပါပါသလဲရှင့်။

ကို ကျော်ကျော်သိန်း ။ ။ပြောရမယ်ဆိုရင်တော့ အခုဒီနေ့ကျင်းပမယ့် ထိပ်သီးအစည်းအဝေးက အမေရိကန် သမ္မတ တယောက်အနေနဲ့ အာဆီယံဒေသက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ၁၀ နိုင်ငံစလုံးက ခေါင်းဆောင် ၁၀ ယောက်ကို ဖိတ်ခေါ်ပြီးတော့ အမေရိကန်မှာ ထိပ်သီးအစည်းအဝေးကျင်းပတာ ပထမဦးဆုံးအကြိမ် ပါပဲ။ တခါ အစည်းအဝေးကျင်းပမယ့်နေရာကလည်း သမိုင်းဝင် နေရာတခုလို့ပြောရင်မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဒီနေရာမှာ တရုတ်သမ္မတ ရှိကျင်းပင်နဲ့ သမ္မတ အိုဘားမား တွေ့ဆုံပြီးတော့ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ဖူးပါတယ်။ ဒီနေရာမှာပဲ အခု ဒီ အာဆီယံခေါင်းဆောင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံက ခေါင်းဆောင် ၁၀ ယောက်ကို ဖိတ်ခေါ်ပြီးတော့ အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမှာပါ။ ကျနော်တို့ ဒီ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီးတော့ နောက်ခံ သမိုင်းကြောင်းတွေ ထုတ်ပေးထားတဲ့ အခါမှာလည်း ပြန်ကြည့်မယ်ဆိုရင် အမေရိကန် သမ္မတ အိုဘားမား အစိုးရ လက်ထက် မှာ အမေရိကန် နဲ့ အာဆီယံ ဆက်ဆံရေးက အရင်ဆက်ဆံရေးတွေနဲ့မတူဘဲ အတော်လေးကို တိုးတက်လာတယ်လို့ပြောရမှာပါ။ သမ္မတ အိုဘားမား က အမေရိကန် သမ္မတ တယောက်အနေနဲ့ အာဆီယံဒေသအတွင်းကို အရင်သမ္မတတွေနဲ့ ယှဉ်ရင် ပေါ့လေ အကြိမ်အများဆုံး လာတဲ့ သမ္မတ တဦးလည်းဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ဒီအစည်းအဝေးဟာ အသွင်သဏ္ဍာန် အရဘဲဖြစ်ဖြစ် ၊ သူရုပ်သဏ္ဍာန် အရဖြစ်ဖြစ် အမေရိကန်နဲ့ အာဆီယံ အရှေ့တောင်အာရှ ဆက်ဆံရေးမှာ ရှေ့ဆက်တိုးသွားဖို့ အခြေခံကောင်းကိုတည်ဆောက်တဲ့ အစည်းအဝေးတခုလို့ပြောလို့ရနိုင်တာကြောင့် အရေးပါတယ်လို့ ကျနော်တို့ဆိုရမှာပါ ခင်ဗျ။

ရှားဖောင်။ ။ ဟုတ်ကဲ့ပါရှင်။ ခုန ကိုကျော်ကျော်သိန်းပြောတာကတော့ ဒီအာဆီယံ ၁၀ နိုင်ငံက နိုင်ငံခေါင်းဆောင်တွေ အားလုံးကို ဖိတ် တာပေါ့နော်။ ဒါပေမယ့် အဲဒီမှာ သိရတာက မြန်မာသမ္မတ ဦးသိန်းစိန်က မတက်ရောက်ဘူးပေါ့နော်။ ဆိုတော့ သမ္မတ ဦးသိန်းစိန် မတက်ရောက်တဲ့အပေါ်မှာရော အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြားဆက်ဆံရေး ကို ဘယ်လိုမျိုး ဂယက်ရိုက်စေနိုင်သလဲရှင့်။

ကို ကျော်ကျော်သိန်း ။ ။ဟုတ်ပါတယ်။ သမ္မတ ဦးသိန်းစိန် မတက်ဘူးလို့ မြန်မာအစိုးရဘက်က တရားဝင်ထုတ်ပြန်ထားပါတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်စား ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ပါမယ်။ တခြားနိုင်ငံတွေက ကျနော်တို့အခုသိထားသလောက် လက်ရှိတာဝန်ယူထားတဲ့အစိုးရအဖွဲ့အကြီးအကဲ သမ္မတဆိုရင်လည်း သမ္မတ ၊ ဝန်ကြီးချုပ်ဆိုလည်း ဝန်ကြီးချုပ် တက်ကြမယ့် အစီအစဉ်မျိုးတွေ့ရပါတယ်။ ဆိုတော့ သမ္မတဦးသိန်းစိန်ကတော့ လက်ရှိမြန်မာအစိုးရရဲ့ အကြီးအကဲပေါ့လေ။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူ့ရဲ့သမ္မတ သက်တမ်း ကုန်ဆုံးတော့မှာပါ။ ဧပြီလဆန်းဆိုရင် သမ္မတနောက်ထက် တဦး ဦးဆောင်တဲ့ အစိုးရအဖွဲ့လက်ထဲကို အာဏာလွှဲပြောင်းပေးရတော့မှာပါ။ ဆိုတော့ အမေရိကန်ပြည်ထောင်စုကလည်း သူက သတ်သတ်မှတ်မှတ် ဒီ သမ္မတ ဆက်ဆံတဲ့၊ ဒီသမ္မတဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ ဆက်ဆံတယ်ဆိုတာမဟုတ်ဘဲနဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား နှစ်ဘက်ဆက်ဆံရေး ၊ တခါ သူတို့က လူထုအချင်းချင်းကြားဆက်ဆံရေးဆိုတာကိုလည်း အားပေးမြှင့်တင် တာတွေရှိတဲ့အခါကျတော့ မည်သို့ပင်ဖြစ်စေ သမ္မတဦးသိန်းစိန် မတက်ဘူးဆိုပေမယ့်လည်း လက်ရှိ ရှိနေတဲ့ ဆက်ဆံရေးပေါ်မှာ အခြေခံပြီးတော့ နောင်တက်လာမယ့် သမ္မတ ဦးဆောင်တဲ့ အစိုးရလက်ထပ်မှာ အမေရိကန်နဲ့ အာဆီယံကြား၊ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးက ဒီထက်တော့ လျော့သွားစရာအကြောင်းမရှိဘူးလို့မြင်လို့ရပါတယ်။ သမ္မတ ဦးသိန်းစိန်မတက်ဘူးဆိုပေမယ့်လည်း ဒုတိယ သမ္မတ ဦးဆောင်တက်မှာဖြစ်တဲ့အတွက် ရှိနေပြီးသား ဆက်ဆံရေးအပေါ်မှာ နောင်တက်လာမယ့် သမ္မတဦးဆောင်တဲ့ အစိုးရ အဖွဲ့ကနေပြီးတော့ ဆက်ပြီးတည်ဆောက်သွားမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ စတာတွေကတော့ အလားအလာကောင်းတွေ ဆက်ရှိသွားမယ်လို့ ကျနော်တို့ ယူဆလို့ရပါတယ် ခင်ဗျာ။”