အမေရိကန်ပြည်ထောင်စုနဲ့ အာဖဂန် တာလီဘန်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တရားဝင်ပြန်စဖို့ ပြင်ဆင်နေပါပြီ။ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး နိုင်ငံရေးအဖြေတခု ရှာဖို့ ရည်ရွယ်တဲ့ တနှစ်ကြာ ဆွေးနွေးပွဲတွေကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် က ရုတ်တရက် ရပ်လိုက်အပြီး သုံးလအကြာမှာ ပြန်စဖို့ ပြင်ဆင်နေတာပါ။
အမေရိကန် စေ့စပ်ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Zalmal Khalilzad ဟာ အာဖဂန်အစိုးရအဖွဲ့ ကိုယ်စားလှယ် တွေ၊ တခြား အာဖဂန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကာဘူးလ်မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်သွားပါပြီ။ အဲဒီကတဆင့် တာလီဘန် ကြားခံကိုယ်စားလှယ်အဖွဲ့ ရုံးစိုက်တဲ့ ကာတာနိုင်ငံကို ခရီးဆက်မယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တခုမှာ ပြော ထားပါတယ်။ ဒါပေမယ့် ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို သွားမယ့်ရက်ကိုတော့ အတိအကျ ပြောမထားပါဘူး။
“သံအမတ်ကြီး Khalilzad ဟာ ဒိုဟာမြို့မှာ အာဖဂန်နိုင်ငံတွင်း စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်လာနိုင်စေမယ့်၊ စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းတဲ့ အဖြေတခုရစေမယ့်၊ အတိအကျအားဖြင့် အပစ်အခတ်ရပ်စဲရေး ဖြစ်စေနိုင်ဖို့ တိုက်ခိုက်မှုတွေ လျှော့ချရေး လုပ်ဆောင် ရမယ့်အဆင့်တွေကို တာလီဘန်အဖွဲ့နဲ့ ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ သံအမတ်ကြီး Khalilzad နဲ့ ဆွေးနွေးပွဲတွေ နောက်သီတင်းပတ်မှာ ဖြစ်လာမယ်လို့ ခန့်မှန်းကြောင်း တာလီဘန် သတင်း ရင်းမြစ်တွေကပြောပါတယ်။
အာဖဂန်ဖွား အမေရိကန်သံတမန် မစ္စတာ Khalilzad ဟာ သမ္မတထရမ့်ပ်က စက်တင်ဘာလ ၇ ရက်နေ့မှာ ဆွေးနွေးပွဲတွေကို ဖျက်လိုက်တဲ့အချိန်ထိ တာလီဘန်တွေနဲ့ ဆွေးနွေးပွဲ ကိုးကြိမ်ကို ဦးဆောင် ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
Your browser doesn’t support HTML5
(Unicode)