စစ်တွေအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက ဦးညီပု ကို ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ မိသားစုတွေ အနေနဲ့ ဒီလိုပြောင်းရွှေ့လိုက်တယ်ဆိုတာကို သိပ်မကြာခင်ကမှ သိခဲ့ရတယ်လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ဗွီအိုအေကို ပြောပါတယ်။
“၅လပိုင်းလောက်ကတည်းက သူတို့ အင်းစိန်ကို ပို့လိုက်တယ်။ ပို့လိုက်ပြီးတော့ မျက်စိခွဲစိတ်တယ်ပေါ့။ မျက်စိဆေးရုံမှာလေ။ မျက်စိအတွက် ပို့တာလား တခါတည်းအပြီး ထောင်ပြောင်း လိုက်တာလားတော့ တိတိကျကျတော့ မသိဘူး။ ဒါပေမဲ့ မျက်စိခွဲဖို့အတွက် ပို့တယ်လို့ပဲ ထင်တာပေါ့။ ပြောင်းတုန်းကတော့ မိသားစုကို အသိပေးတာလည်း မရှိဘူး။ ဒါပေမဲ့ ဖေဖေက အင်းစိန် ရောက်နေတယ်ဆိုတာ စကားပါးလိုက်လို့ သိရတာပေါ့။”
လက်ရှိမှာတော့ ဦးညီပုဟာ မျက်လုံးခွဲစိတ် ခံထားရပြီး ဖမ်းဆီးခံရကတည်းက မိသားစုဝင်တွေနဲ့ တခါပဲ တွေ့ခွင့်ရတယ်လို့လည်း သမီးဖြစ်သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က မျက်လုံး ခွဲစိတ်တဲ့အချိန်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ် ခဏတွေ့ခွင့်ပေးတာလို့ ပြောပါတယ်။
NLD အစိုးရလက်ထက် ရခိုင်ဝန်ကြီးချုပ် တာ၀န်ယူခဲ့တဲ့ ဦးညီပုဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ NLD အစိုးရဝန်ကြီးတွေ၊ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကို စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5