"မြန်မာနိုင်ငံမှာ သန်းနဲ့ချီပြီး စာနာမှု အကူအညီလိုအပ်နေ" - ကုလစာနာမှုရုံး အကြီးအကဲ

ရန်ကုန်မြို့ ဆင်ခြေဖုံးတနေရာမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လှူဒါန်းတဲ့ ဆန်အိတ်တွေရယူဖို့ စောင့်ဆိုင်းနေသူများ (မေ ၂၁၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်ခွင့်ပေးရေးနဲ့ မြန်မာနိုင်ငံတဝှန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းလောက်အတွက် ထောက်ပံ့မှုတွေ တိုးမြှင့်ပေးကြဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် ဝန်ကြီးဌာနတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ ခရီးစဉ်အဆုံးမှာ UNOCHA အကြီးအကဲက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ ၃ ပုံတပုံဟာ စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်မှာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း ဒီထက်ပိုပြီး ကူညီလုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးမြင့်လာခဲ့တာမှာ စစ်ဏာမသိမ်းခင် လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက အကူအညီလိုအပ်သူ ၄ သိန်းနီးပါး ရှိခဲ့ရာက အခုချိန်မှာ ၁ သန်းကျော်အထိ ရှိသွားပြီလို့ ဆိုပါတယ်။

UNOCHA အကြီးအကဲ Martin Griffiths ဟာ သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ရသူ မိသားစုဝင်တွေ၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံခဲ့ရသူတွေနဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတို့ကို တွေ့ဆုံခဲ့ကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

"မြန်မာနိုင်ငံမှာ သန်းနဲ့ချီပြီး စာနာမှု အကူအညီလိုအပ်နေ" - ကုလစာနာမှုရုံး အကြီးအကဲ