ဂျပန်အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲလုပ်

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က တိုကျိုမြို့ ဝန်ကြီးချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (သြဂုတ် ၁၀၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် Fumio Kishida က သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ကို ဒီနေ့ အပြောင်းအလဲ လုပ်လိုက် ပါတယ်။ အများပြည်သူ ထောက်ခံမှုကျဆင်းနေချိန်မှာ အငြင်းပွားစရာဖြစ်နေတဲ့ ပေါင်းစည်းရေးအသင်းတော် Unification Church နဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးတချို့ကို ဖယ်ရှားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ကတော့ အပြောင်းအလဲမရှိပေမယ့် တခြားလူသိများတဲ့ ဝန်ကြီးတွေ ဖယ်ရှားခံရပါတယ်။ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဝန်ကြီး ၇ ယောက်လုံးက ပေါင်းစည်းရေးအသင်းတော်နဲ့ ဆက်နွယ်နေတယ်ဆိုတာ ထုတ်ဖော်ပြောခဲ့ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး Nobuo Kishi လည်း ပါပါတယ်။ Mr. Abe ကိုသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သူက သူ့အမေဟာ ပေါင်းစည်းရေးအသင်းတော် ပုံမှန်တက်သူဖြစ်ပြီး ဘုရားကျောင်းကို ငွေတွေလှူတဲ့အတွက် ဒေဝါလီခံခဲ့ရတာလို့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Abe က အဲဒီအသင်းတော်ကို ကိုးကွယ်ဖို့ အားပေးမြှင့်တင်ခဲ့တယ်လို့ သူကပြောပါတယ်။

ဝန်ကြီးချုပ် Kishida က Cabinet အဖွဲ့တွင်း အပြောင်းအလဲကို ခန့်မှန်းထားတာထက် စောပြီးလုပ်တာက လွှတ်တော်အမတ်တွေနဲ့ အသင်းတော် ဆက်နွယ်မှုဟာ တာဝန်ယူထားတာ ၁ နှစ်တောင် မပြည့်သေးတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ ပြသနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ နောက်ဆုံး ထွက်ထားတဲ့ လူထု သဘောထား စစ်တမ်းတွေအရ ဝန်ကြီးချုပ် Kishida အပေါ် ထောက်ခံမှုဟာ ၄၆% အထိ ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က သူ့အပေါ် ထောက်ခံသူ ၅၉% ရှိခဲ့တာပါ။ သူဝန်ကြီးချုပ်တာဝန်ယူခဲ့ထဲကဆိုရင် လူထု ထောက်ခံမှု အနည်းဆုံးဖြစ်တယ်လို့ NHK သတင်းဌာနက ပြောကြားပါတယ်။

Your browser doesn’t support HTML5

ဂျပန်အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲလုပ်.mp3

=================

[[Unicode]]




