ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမဆုံးအသုတ်ကို စပြီးပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား မကြာသေးခင်က သဘောတူလိုက်ကြတဲ့အပေါ် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR က ကန့်ကွက်ပါတယ်။ အခြေအနေတွေဟာ ဒုက္ခသည်တွေ ဘေးရန်ကင်းပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်နိုင်တဲ့အနေအထားမျိုး မရှိသေးဘူး လို့ UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေကိုယ်တိုင်ကလည်း ပြန်ပို့ခံရမယ့်အစီအစဉ်အပေါ် သဘောတူ လက်ခံကြ ရိုဟင်၈ျာဒုက္ခသည်ပထမအသုတ်ဌါနေပြန်ပို့ရေး UNHCR စိုးရိမ်တဲ့ပုံ မရှိပါဘူး။ ဂျီနီဗာကနေ Lisa Schlein ပေးပို့ထားတဲ့သတင်းလွှာနဲ့ ရိုက်တာသတင်းဆောင်းပါးတို့ကို စုစည်းပြီး ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဒုက္ခသည် ပထမအသုတ် အယောက် ၂,၀၀၀ ကို ပြန်ပို့ရေး နိုဝင်လလယ်မှာ စတင်လုပ်ဆောင်မယ်လို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအကြား ဒါကာမြို့တော်မှာ ပြီးခဲ့ဲတဲ့ရက်ပိုင်းကလုပ်တဲ့ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးအတွင်း သဘောတူပြီးတဲ့ နောက် နိုင်ငံခြားရေးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ Cox’s Bazar က ဒုက္ခသည်စခန်း တွေကိုသွားပြီး ဌာနေပြန်ရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြောဆိုတာပါ။
ပြန်ပို့ဖို့ စတင်လုပ်ဆောင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာကိုပေးထားပြီး မြန်မာဘက် ကလည်း အဲဒီစာရင်းကို သဘောတူတယ်လို့ သတင်းထွက်ထားကြောင်း UNHCR ပြောခွင့်ရ Andrej Mahecic က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေကို အသိပေးရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်က ပြန်ချင်ရဲ့လား ဆိုတာ ညှိနှိုင်းပြောဆိုရမှာဖြစ်တယ်လို့ UNHCR ပြောခွင့်ရ Mahecic က ဗွီအိုအေကိုပြောပါတယ်။
“ဒီစာရင်းပြုစုတာ၊ လွှဲပြောင်းပေးတာ၊ လက်ခံရရှိတာတွေမှာ UNHCR မပါဝင်သလို မြန်မာအစိုးရက လုပ်ခဲ့ တယ်လို့ဆိုတဲ့ အတည်ပြုချက်ယူ ရှင်းလင်းလုပ်ဆောင်တာမှာလည်း မပါဝင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ဘေးရန်ကင်း၊ ဂုဏ်သိက္ခာရှိပြီး ရေရှည်ခိုင်မာတဲ့ အခြေအနေမျိုးနဲ့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပြန်ဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်သေးဘူးလို့ ကျနော်တို့ ယူဆတာကြောင့်ပါ။ လက်ရှိအဆင့်မှာ ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ ပြန်သွားရေး UNHCR အနေနဲ့ ပါဝင်လုပ်ဆောင်မှာ မဟုတ်ပါဘူး။”
Cox’s Bazar က Kutupalong ဒုက္ခသည်စခန်းကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ပြောဆိုတဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ပြင်ဆင်ထားတာတွေကို ပြောပြပြီး သူတို့ဘက်က ပြောဆိုတာတွေကို နားထောင်ဖို့ အခုလို စခန်းတွေကိုလာတာဖြစ်ကြောင်း၊ ဒုက္ခသည်တွေက တချို့ကိစ္စရပ်တွေကို မေးမြန်းကြပြီး ပြန်လည် ဖြေဆို ပေးခဲ့ကြောင်း ရှင်းလင်းပြောဆိုသွားပါတယ်။
“ဥပမာအားဖြင့် NVC ကဒ်ကိစ္စ၊ လွတ်လွတ်လပ်လပ် သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံသား အဆင့်အတန်းကိစ္စတွေ မေးကြပြီး ကျနော် ပြန်ဖြေဆိုခဲ့ပါတယ်။ တဘက်နဲ့တဘက် ပိုပြီးနားလည်မှုရနိုင်ဖို့ အခုလိုလာပြီး သူတို့ ပြောတာတွေက နားထောင်ရတာဟာ အကောင်းဆုံးအခွင့်အလမ်းပါ။ ဒါကြောင့် အတည်ပြုပြီးသားလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျနော်တို့ လုပ်ကိုင်သွားပါမယ်။ သူတို့ပြန်လာဖို့ ကျနော်တို့ စီစဉ်ထားသလို လက်ခံကြိုဆိုရေး စခန်းတွေ၊ ကြားစခန်းတွေကို ပြင်ဆင်ထားပြီးဖြစ်ရုံသာမက သူတို့ပြန်ရောက်တဲ့အခါမှာလည်း လိုအပ်တဲ့အကူအညီတွေကို ပေးသွားမှာပါ။”
အတွင်းဝန်ဦးမြင့်သူက အဲဒီလိုပြောပေမယ့်လည်း ဒီအပေါ်မှာ ဒုက္ခသည်တွေဘက်က အပြည့်အဝ ယုံကြည်ကိုးစားပုံမရပါဘူး။ သူတို့ လိုလားချက်တွေကို ဖော်ပြရေးသားထားတဲ့ စာတစောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ပေး လိုက်ကြသလို သူတို့မှာ ယုံကြည်မှု မရှိလှတဲ့အကြောင်း ရိုဟင်ဂျာအမျိုးသားတဦးဖြစ်သူ Nurul Islam ကပြောပါတယ်။
“သူတို့က အပြောတမျိုး အလုပ်တမျိုးမို့ မြန်မာအစိုးရကို ကျနော်တို့မယုံပါဘူး။ အချိန်တိုင်း၊ နေ့တိုင်း၊ စက္ကန့်တိုင်း သူတို့ လိမ်ပြောနေတာကြောင့် မြန်မာအစိုးရကို ကျနော်တို့မယုံပါဘူး။ နိုင်ငံတကာအကာအကွယ်ကို ကျနော်တို့ လိုအပ်ပါတယ်။ နောက်တခုက ကျနော်တို့လူမျိုးနဲ့ပတ်သက်ပြီး သူတို့ လိမ်ပြောနေပါတယ်။ ကျနော်တို့ကို ဘင်္ဂါလီလို့ခေါ်ပါတယ်။ ကျနော်တို့ဟာ ဘယ်တုန်းကမှ ဘင်္ဂါလီတွေမဟုတ်ပါဘူး။ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာနိုင်ငံမှာ နေလာတာဖြစ်ပြီး အထောက်အထား မျိုးစုံရှိပါတယ်။ ကျနော်တို့ကို ရိုဟင်ဂျာလူမျိုးအဖြစ် မြန်မာအစိုးရကလည်း အသိအမှတ်ပြုထားဖူးပါတယ်။ ဒါပေမဲ့ အခု မြန်မာ အစိုးရက အဲဒါကို ငြင်းနေပါတယ်။ ကျနော်တို့ကို ရိုဟင်ဂျာလူမျိုးအဖြစ် ပြန်ပြီးသတ်မှတ်မပေးဘူးဆိုရင် ကျနော်တို့ရဲ့ မူရင်းမြေကို ကျနော်တို့ ပြန်မှာမဟုတ်ပါဘူး။”
နိုင်ငံတကာအသိုင်းအဝိုင်းကရော ဒုက္ခသည်တွေကိုယ်တိုင်ကပါ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို သတ်မှတ်ပြောဆိုပေမယ့် မြန်မာ အစိုးရက အဲဒါကို အသိအမှတ်မပြုသလို မြန်မာလူထုကြားမှာလည်း အခြေအတင် အငြင်းပွားဖွယ် ကိစ္စတရပ်အဖြစ် ရှိနေဆဲပါ။
ဒုက္ခသည် ပထမအသုတ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကြား စတင်လုပ်ဆောင်နေကြပြီဖြစ်ပေမယ့်လည်း ကုလသမဂ္ဂဘက်က ကန့်ကွက်နေတာ၊ ဒုက္ခသည်တွေကိုယ်တိုင်က လိုလိုလားလား မရှိတာကြောင့် ဘယ်လောက်ထိ အောင်မြင်မှုရမယ်ဆိုတာက တော့ ရှင်းရှင်းလင်းလင်း ပြောနိုင်တဲ့အခြေအနေ မရှိသေးပါဘူး။