(Zawgyi/Unicode)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ဒုတိယပြောခွင့်ရ Farhan Haq က အတည်ပြုပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ အစည်းဝေးကိုတက်ရောက်လာသူ ဝန်ကြီးအတော်များများအပါအဝင် သူဂျကာတာမှာ တွေ့ဆုံခဲ့သူ အများအပြားရှိပါတယ်။ မြန်မာ စစ်တပ်အကြီးအကဲမင်းအောင်လှိုင် နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ စစ်တပ်အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ သူရည်ရွယ်ထားပါတယ်လို့ ပြောသွားတာပါ။
ဒါပေမယ့် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ပြောခွင့်ရက ထုတ်မပြောပါဘူး။
အခု အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် အင်ဒိုနီးရှားကို သွားရောက်မှုကနေ မြန်မာ့အရေးအတွက် အဓိကကျတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍအတွက် ကုလသမဂ္ဂက ဆက်လက်ပံ့ပိုးပေးနေတယ် ဆိုတာကို ပြသခဲ့ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်ပစ်ဖို့ တောင်းဆိုချက်ပါဝင်တဲ့ အစည်းဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုဟာ သိပ်ကို အရေးပါတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အခြေခံရပိုင်ခွင့်နဲ့ လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ အနေနဲ့ စစ်တပ်က ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့လည်း ထပ်မံ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတွင်း အခြေနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကြဖို့လည်း အတွင်းရေးမှုးချုပ် Antonio Guterres ကရော အထူးကိုယ်စားလှယ် မစ္စ Burgener ကပါ ဆက်ပြီး တိုက်တွန်းနေပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။
............................................
Your browser doesn’t support HTML5
(Unicode)