(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယ ကော်မတီရှေ့မှောက်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က အထူး ကိုယ်စားလှယ် Yanghee Lee တင်ပြခဲ့တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုစွမ်းနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန် ပြောဆိုမှုတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က မှန်မှန် ကန်ကန် စုံစမ်းစစ်ဆေးနိုင်တဲ့ အခြေအနေ မရှိတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လွတ်လပ်ပြီး သီးခြားစုံစမ်းစစ်ဆေးဖို့ အဓိက အကြံပြုထားတဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee က အင်္ဂါနေ့ညနေက ကုလသမဂ္ဂ တတိယကော်မတီမှာ တင်ပြခဲ့တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဟောက်ဒိုစွမ်းနဲ့ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က တခြား နိုင်ငံတွေက ကိုယ်စားလှယ်တွေနည်းတူ အသီးသီး တုံ့ပြန် ပြောဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတခုချင်းစီအလိုက် ကုလသမဂ္ဂက လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ခန့်အပ် တာဝန်ပေးတဲ့ကိစ္စကို အစဉ်တစိုက် ဆန့်ကျင် ကန့်ကွက်ခဲ့ပေမယ့် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသီးသီးကို ဆယ်စုနှစ်တွေနဲ့ချီပြီး လာရောက်ခွင့် ပြုခဲ့ကြောင်း သံအမတ်ကြီး ဟောက်ဒိုစွမ်းက အခုလို အစချီ တုံ့ပြန်ပါတယ်။
“၁၉၉၅ ခုနှစ်ကစလို့ ဆယ်စုနှစ်ပေါင်း ၃ ခုလောက် လူ့အခွင့်အရေးကောင်စီရဲ့ အထူးကိုယ်စားလှယ်တွေ၊ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တွေကို သဘောရိုးနဲ့ လက်ခံပြီး ကူညီ ဆောင်ရွက်ပေးလာခဲ့ပါတယ်။ အဲဒီလို ကောင်းမွန်စွာ ဆက်တိုက် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ကြားကပဲ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံဟာ မတရားစွာ ဆက်ဆံ ခံနေရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် တခြား ဘယ်နိုင်ငံမှာ မြန်မာနိုင်ငံလောက် လူ့အခွင့်အရေးဆိုင်ရာ ယန္တရားအများအပြားရဲ့အောက်ကို မရောက်ဖူးပါဘူး။”
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အနေနဲ့ အပြုသဘောမဆောင်တဲ့ စွပ်စွဲ ပြောဆိုမှုတွေ လုပ်ဆောင်နေတဲ့ အကြောင်းကိုလည်း သံအမတ်ကြီး ဟောက်ဒိုစွမ်း က အခုလို ဆက်ပြောပါတယ်။
“လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်နေမှုတွေကို မျက်ကွယ်ပြုပြီး တိကျခိုင်မာမှု မရှိတဲ့ အကြောင်းပြချက်တွေအပေါ် အခြေခံပြီး အပြုသဘော မဆောင်တဲ့ စွပ်စွဲမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက် (၈၀) လောက်ဟာ ထိခိုက် နစ်နာစေလောက်တဲ့ အကြံပြုချက်တွေ ပါဝင်ပြီး နိုင်ငံရေး ရည်မှန်းချက်နဲ့ တွက်ချက် လုပ်ဆောင်တဲ့သဘော သက်ရောက်နေပါတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ချက်ချင်းတင်ဖို့ Yanghee Lee က တောင်းဆိုခဲ့တဲ့ အချက်ကို သံအမတ်ကြီး ဟောက်ဒိုစွမ်းက ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်မယ့်ကိစ္စကို အားမပေး တာ၊ နိုင်ငံတကာက မြန်မာနိုင်ငံကို ပေးမယ့် အကူအညီတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်တာ စတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေ ဟာ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြားက အပြန်အလှန် ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းကို အထောက်အကူ ပြုစေမှာ မဟုတ်ကြောင်းလည်း သံအမတ်ကြီး ဟောက်ဒိုစွမ်း က ပြောပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးကိစ္စ အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးငယ်တွေအရေး၊ ပဋိပက္ခဒေသတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့အကြောင်းလည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရရှိဖို့နဲ့ လုံခြုံရေးရှိပြီး ကောင်းမွန်စွာ အုပ်ချုပ်နိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကို ဖြေရှင်းရေးဟာ အခြေခံကျပြီး အရေးပါတဲ့ ကိစ္စရပ်ဖြစ်တယ်လို့ အစိုးရက ယူဆထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသူတွေ ဘေးကင်း၊ လုံခြုံစွာ သူတို့သဘောနဲ့သူတို့ ပြန်လာနိုင်မယ့် အခြေအနေတွေကို မြန်မာအစိုးရက ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း သံအမတ်ကြီး ဟောက်ဒိုစွမ်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ရခိုင်ပဋိပက္ခ ဖြေရှင်းတဲ့နေရာမှာ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေလည်း ပါဝင် ကူညီပေးနိုင်ရေးအတွက် မနှစ်က အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်၊ လက်ရှိအလှည့်ကျဥက္ကဌ စင်္ကာပူ၊ လာမယ့်နှစ်မှာ အလှည့်ကျဥက္ကဌတာဝန်ယူမယ့် ထိုင်းနိုင်ငံနဲ့ အာဆီယ အတွင်းရေးမှူးချုပ်တို့ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။
ရခိုင်ပဋိပက္ခကို ချည်ကြည်ရင်းနှီးစွာနဲ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပူးတွဲ လုပ်ငန်းအဖွဲ့ရဲ့ တတိယအကြိမ် စည်းဝေးပွဲကို လာမယ့် အောက်တိုဘာလ ၂၉ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားတယ်ဆိုတာကိုလည်း သံအမတ်ကြီး ဟောက်ဒိုစွမ်းက ပြောပါတယ်။
မြန်မာနိုင်ငံ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ရှုပ်ထွေး နက်နဲပြီး ဘက်စုံက ဖြစ်ပေါ်နေကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အကောင်းဆုံး အင်အားဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညွတ်ခြင်း၊ ခိုင်မာတဲ့သံဓိဌာန်နဲ့ ပြည်သူလူထု တရပ်လုံးက တက်ကြွစွာ ပါဝင် ဆောင်ရွက်ရေးဖြစ်တယ်လို့ သံအမတ်ကြီး ဟောက်ဒိုစွမ်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စားလှယ်ကတော့ - လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တင်ပြချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့အပေါ် အမျက်ထွက်မိကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
“ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုးစုအလိုက် ရှင်းလင်း သုတ်သင်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အမျက်ဒေါသ ထွက်လျှက် ရှိပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး လူအများအပြားကို သတ်ဖြတ်ခဲ့တာ၊ အုပ်စုလိုက် မတရားပြုကျင့်တာ၊ ညှဉ်းပန်း နှိပ်စက်တာ၊ နေရပ်ကနေ အဓမ္မ မောင်းထုတ်ပစ်တာ၊ ကျေးရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့တာတွေအတွက် အပြစ်ပေး အရေးယူခြင်း မရှိခဲ့ပါဘူး။”
လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြတဲ့ အစိုးရ အရာရှိတွေကို မြန်မာအစိုးရအနေနဲ့ အပြစ်ပေး အရေးယူပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်းနဲ့ အဲဒီလူတွေ နောက်နောင်မှာ အစိုးရအဖွဲ့အတွင်း လုပ်ပိုင်ခွင့်ရှိတဲ့ ရာထူး တာဝန်တွေ မရရှိရေး ဆောင်ရွက်ပေးဖို့ပါ တောင်းဆိုကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လွတ်ပေးဖို့အတွက်ပါ အမေရိကန် ကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ကိုယ်စားလှယ်ကတော့ - မြန်မာနိုင်ငံဘက်က ထွက်ပြေးလာပြီး နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်ရေး အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို မြန်မာအစိုးရကဘက် ဖိဖိစီးစီး လုပ်ဆောင်ခြင်း မရှိတဲ့အတွက် ဒုက္ခသည်တွေ အခုချိန် နေရပ် မပြန်နိုင်သေးဘဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်ကိုယ်စားလှယ်ကတော့ ရခိုင်ပဋိပက္ခ ပြေလည်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေကြတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာနိုင်ရေးတို့အတွက် တရုတ်အစိုးရက အချက် (၃) ပါ အဆိုပြုချက်ကို တင်သွင်းထားကြောင်း ဘာသာပြန်ကတဆင့် အခုလို ပြောကြားခဲ့ပါတယ်။
“ရခိုင်အရေးနဲ့ပတ်သက်လို့ လူမျိုးရေး၊ ဘာသာရေး စတဲ့ ရှုပ်ထွေးနက်နဲတဲ့ ကိစ္စရပ်တွေ ပါဝင်နေတာကြောင့် ချက်ခြင်း ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီကိစ္စပြေလည်ရေး အတွက် တရုတ်နိုင်ငံက အချက် (၃) ပါ အဆိုပြုချက်ကို တင်သွင်း ထားပါတယ်။ အခုနှစ် ဇွန်လကုန်ပိုင်းတုန်းက တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်တဲ့ Wang Yi ဟာ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ သီးခြားစီ အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုတွေကနေ အချက် (၄) ပါ သဘောတူညီချက်တွေကို ရရှိခဲ့ပါတယ်။”
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက် (၄) ခုကတော့ - နံပတ် (၁) အနေနဲ့ ရခိုင်ကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ချစ်ကြည် ရင်းနှီးစွာ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းရေး၊ (၂) ဒုက္ခသည်တွေကို ပထမ အသုတ်အဖြစ်နဲ့ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့်ဖြစ်တဲ့အကြောင်း ပြောဆိုပြီး မြန်မာဘက်ကလည်း လက်ခံဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောဆိုပါတယ်။ နံပတ် (၃) အချက်ကတော့ - လုပ်ငန်းစဉ်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီတာဖြစ်ပြီး၊ နံပတ် (၄) အချက်ကတော့ ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား လက်တွဲ ဆောင်ရွက်တဲ့ ကာလအတွင်း နိုင်ငံတကာ အသိုင်းဝိုင်းက ဖိအားပေး လုပ်ဆောင်တာမျိုး မလုပ်ဘဲ သည်းခံ စောင့်ဆိုင်းရေးတို့ ဖြစ်တယ်ပါတယ်။
Your browser doesn’t support HTML5