ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ အရပ်သားတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး လုံခြုံရေးအစီအမံတွေ တိုးချပေးဖို့နဲ့ ဒေသခံတိုင်းရင်းသားတွေကို အထောက်အကူမပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာဖို့ စစ်တွေမြို့ လူထုအစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဘူးသီးတောင်၊ မောင်တော ဒေသဖက်တွေမှာ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ တောင်ယာလုပ်ဖို့နဲ့ တောထဲကို မျှစ်ချိုး၊ငါးရှာသွားဖို့တောင် အခက်အခဲရှိနေကြောင်းလည်း ပြောဆိုကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
သြဂုတ်လ ၃ရက်နေ့က မောင်တောမြို့နယ် ကိုင်းကြီးရွာက မြိုတိုင်းရင်းသားတွေ၈ယောက်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့နောက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသလုံခြုံရေးတွက် စစ်တွေမြို့မှာ တနင်္ဂနွေနေ့က လူထုအစည်းအဝေးတရပ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ အစိုးရက လုံခြုံရေးအစီအမံတွေ တိုးမြှင့်ပေးဖို့ လိုအပ်ရင် ဒေသခံတွေကို ပြည်သူ့စစ်သင်တန်းပေးဖို့အထိ ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဦးအရိယဝံသက မိန့်ကြားပါတယ်။
“ဆုံးဖြတ်ကြတာကတော့ မောင်တော၊ ဘူးသီးတောင်မှာ ဌာနေတိုင်းရင်းသားတွေ ခနခန ဒီလို အသတ်ခံနေရတယ်။ အဲဒီဒေသကို လုံခြုံအောင် တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်အကြမ်းဖက်တာက လွတ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးကြတာပေါ့။ အစိုးရဖက်က တာဝန်မယူနိုင်ဘူးဆိုရင်လည်းပဲ ဒီဒေသခံတွေဖက်က ရွာတွေကို ပြည်သူ့စစ်သင်တန်းတွေပေးပြီးတော့ ကာကွယ်မယ့် စီမံကိန်းတွေ လုပ်ရမလားဆိုတဲ့ သဘောဆွေးနွေးကြတာပေါ့။”
နောက်တချက်အနေနဲ့ကတော့ ဒေသခံတိုင်းရင်းသားတွေအပေါ် အရေးမထားတဲ့ နိုင်ငံတကာကူညီထောက်ပံရေးအဖွဲ့အစည်းတွေကို လက်မခံဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆက်လက်မိန့်ကြားပါတယ်။
“နောက်ပြီးတော့ UN၊ INGO တွေက ဘင်္ဂလီတွေဖက် တခုခု ဒုက္ခရောက်ရင် သူတို့ အချိန်မီရောက်တယ်။ ရခိုင်ဖက်က တိုင်းရင်းသားတွေဖက်က သေတာတို့ ပျောက်တာတို့ ဖြစ်လာရင် UN၊ INGOတွေက လာပြီးတော့ သတင်းမေးတာတို့ မရှိဘူးပေါ့။ အဲဒါကို UN၊ INGOတွေကို ဒီဒေသမှာ အခြေစိုက်ဖို့ ဥစ္စာကို သဘောမတူဘူးဆိုပြီးတော့ သူတို့ ဆုံးဖြတ်ကြတာပေါ့လေ။ UN၊ INGOတွေကို ဒီဒေသကနေ ထွက်ခွာဖို့ အတွက် ဆန္ဒဖော်ထုတ်ပြီးတော့ တောင်းဆိုကြမယ်ဆိုတဲ့ သဘောမျိုးဆုံးဖြတ်သံတော့ ကြားလိုက်တယ်။”
ဒီအစည်းအဝေးကို သံဃာတော်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့အတူ ဒေသခံပြည်သူ ၄၀၀လောက် ပါဝင်တက်ရောက်ခဲ့ပါတယ်။
မောင်တောဒေသခံတဦးက သူတို့ ဒေသမှာ ရခိုင်တိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်တာကြောင့် အကြမ်းဖက်တိုက်ခိုက်တာတွေက ကာကွယ်နိုင်အောင် လက်နက်တပ်ဆင်ဖို့ လိုအပ်ကြောင်း အခုလို ပြောပါတယ်။
“မောင်တောဒေသမှာဆိုရင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက တော်တော်လေး အားနည်းတာပေါ့။ တခုခုဖြစ်လာမယ်ဆိုရင် ဝုန်းကနဲဖြစ်လာမယ်ဆိုရင် ကျေးရွာသားတွေက တိုင်းရင်းသားရွာတွေက အိမ်ခြေ၃၀လောက်ရှိတဲ့ရွာကို အိမ်ခြေ ၅၀၀လောက်ရှိတဲ့ရွာက လူအုပ်နဲ့ ဝင်ပြီး ရှင်းတဲ့ဟာတွေ စိုးရိမ်ရတာပေါ့။ အဲဒီမှာ ကိုယ်ပိုင်လက်နက်တပ်ဆင်ထားဖို့ လိုတယ်လေ။ လတ်တလော လုံခြုံရေးအဖွဲ့တွေ မရောက်ခင် ခုခံထားဖို့ လက်နက်တွေလိုတယ်။ ကျနော်တု့ိမောင်တောဒေသက တိုင်းရင်းသားရခိုင်တွေဟာ လူနည်းစုဖြစ်တယ်။ ဘင်္ဂလီတွေက လူများစု၊ ဘူးသီးတောင်၊ မောင်တောက အဲလို အခြေအနေရှိတယ်။”
တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မောင်တောမြောက်ဖက် ရွှေဇားရွာအုပ်စုမှာ အကြမ်းဖက်သမားတွေက ရာအိမ်မှုးဟောင်း တဦးကို သတ်ဖြတ်ခဲ့ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဘူးသီးတောင်မြို့က ဒေသခံတယောက်ကလည်း သူတို့ရဲ့ လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။
“ဒီနေရာမှာက လက်နက်ကိုင်ပြီးတော့ လုပ်ကိုင်စားသောက်ရမယ့်အခြေအနေမျိုးကို ရောက်သွားပြီ။ ဘာဖြစ်လို့လည်း ဆိုရင် ရခိုင်မျိုးနွယ်စုတွေက မျှစ်တွေဘာတွေ သွားလို့လည်း ချိုးလို့ မရတော့ဘူး။ ဖားရှာ၊ ငါးရှာသွားလို့လည်း မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဘင်္ဂလီ အကြမ်းဖက်တွေကို ကြောက်ရွံ့နေကြတယ်။ သူတို့က အချင်းချင်းလည်းသတ်တယ်။ ကျနော်တို့ ရခိုင်မျိုးနွယ်စုတွေကိုလည်း သတ်တယ်ဆိုတော့ လူထုတွေ သဘောထားကတော့ လက်နက်ကိုင်ကို ကိုင်ရမယ်။ မကိုင်လို့ကတော့ မရတော့ဘူး။ မကိုင်ရင် ကျနော်တို့ ဒီနေရာ ဒီဒေသက ထွက်ပေးရမယ့် အခြေအနေ ထိရောက်နေပြီ အဲလို ဖြစ်နေတယ်။”
လောလောဆည်မှာတော့ မေယုတောင်ခြေအနီးက တိုင်းရင်းသားကျေးရွာတွေဟာ ပိုမိုဘေးကင်းလုံခြုံနိုင်မယ် ကျေးရွာကြီးတွေဆီကို ပြောင်းရွှေ့နေကြပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေခေါင်းဆောင်တဲ့ မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ မောင်တောဒေသက မူဆလင်ရွာသားအများစုဟာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်လိုပေမဲ့ ဒေသတွင်းက ဘာသာရေးဆရာတချို့ရဲ့ အစွန်းရောက်တဲ့ လမ်းညွှန်မှု၊ ပြင်ပက သွေးထိုးလှုံဆော်မှု၊ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့မှုနဲ့ လိျှုဝှက်အကြမ်း ဖက်သင်တန်းတွေပေးနေတာတွေကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ထပ်မံပေါ်ပေါက်လာဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။
Your browser doesn’t support HTML5