လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ဖို့ ကန်တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး ကုလတောင်းဆို 

မင်နီယာပူလိစ် မြို့မှာ ဂျော့ချ်ဖလွိုက်ဒ် သေဆုံးတဲ့ သုံးနှစ်ပြည့်မှာ ရဲမှူး ဘရိုင်ယဲန်အိုဟာရာက မိုက်ကယ်လ် ဝိလ်ဆင်နဲ့ စကားပြောနေစဥ်။ (မေ ၂၃၊ ၂၀၂၃)

ကြာသပတေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အာဖရိကန်နွယ်ဖွားတွေအပေါ် စနစ်တကျ လူမျိုးရေးခွဲခြားနေတာ တိုက်ဖျက်ရေးအတွက် အမေရိကန်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူမျိုးရေးခွဲခြားမှု၊ ကျွန်ပြုမှုနဲ့ အတ္တလန္တိတ်သမုဒ္ဒရာ ဖြတ်ကျော်ကျွန်ကုန်သွယ်ခဲ့မှုရဲ့ သမိုင်းအမွေကို ဒီနေ့ခေတ်မှာလည်း ဆက်ခံနေပြီး အသားအရောင် လူမျိုးအလိုက် ခွဲခြားဆက်ဆံတာ၊ ရဲတွေကသတ်ဖြတ်တာနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုပုံစံတွေ ဆက်လက်တည်ရှိနေကြောင်း စာမျက်နှာ ၃၂ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်း ရာဇဝတ်မှုဆိုင်ရာအရေးယူခံရတဲ့အထဲမှာ အာဖရိကနွယ်ဖွားတွေ အလွန်အမင်းပါဝင်နေတာတွေ့ရတယ်လို့
ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ ပညာရှင်တဦးဖြစ်တဲ့ ထရေစီ ကီစီက ကောင်စီကို တင်ပြခဲ့ပါတယ်။

“ရဲတပ်ဖွဲ့ရဲ့သတ်ဖြတ်မှုကြောင့်သေဆုံးရတဲ့ အာဖရိကနွယ်ဖွားတွေရဲ့ တဖက်စောင်းနင်း မြင့်တက်နေတဲ့ ကိန်းဂဏန်းတွေနဲ့ အဲဒီ အခြေအနေက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ” လို့ ဆိုပါတယ်။ “နိုင်ငံတဝန်း တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေရဲ့ သတ်ဖြတ်မှုကြောင့် နှစ်စဉ် လူ ၁,၀၀၀ ကျော် သေဆုံးနေပြီး ရရှိနိုင်တဲ့ အချက်အလက်တွေအရ လူမည်းတွေဟာ လူဖြူတွေထက် ရဲတွေရဲ့ သတ်ဖြတ်ခံရနိုင်ခြေ ၃ ဆ ပိုများကြောင်းနဲ့ ထောင်ကျဖို့ အလားအလာ ၄.၅ ဆ ပိုများကြောင်း လေ့လာတွေ့ရှိရတယ် ပြောပါတယ်။

အခု အစီရင်ခံစာ ပြုစုတဲ့အဖွဲ့မှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်စပ်ကဏ္ဍတွေမှာ လူမျိုးရေးတရားမျှတမှုနဲ့ တန်းတူညီမျှမှုကို မြှင့်တင်နိုင်ရေး စုံစမ်းလေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင် သုံးဦး ပါ,ပါတယ်။ ၂၀၂၀ ခုနှစ် မေလက မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ အာဖရိကန်အမေရိကန် George Floyd ကို ရဲတွေက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်အပြီးမှာ ဒီ စုံစမ်းရေးယန္တရားကို လူ့အခွင့်အရေးကောင်စီက ၂၀၂၁ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

ဒီအဖွဲ့ဟာ စနစ်တကျ ဖြစ်တည်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ ဧပြီနဲ့ မေလတွေအတွင်း အမေရိကန်မြို့ကြီး (၆) မြို့ကို ၁၂ ရက်ကြာ သွားရောက်လေ့လာခဲ့ပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့ပါတယ်။ သူတို့ဟာ ထိန်းသိမ်းရေးစခန်း ၅ ခုကို သွားရောက်ကာ တာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ထိခိုက်ခံရသူ ၁၃၃ ဦးထံကနေလည်း သက်သေခံချက်တွေကို ကြားနာခဲ့ပါတယ်။