ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ ကျော် ကန် စစ်ရေးအကူအညီပေးမည်

Russia Ukraine War

ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းဖိုးပေးမယ့် အစီအစဥ်သစ်တခုကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ကကြေညာလိုက်ပါတယ်။ ယူကရိန်းမှာ လက်နက်ကြီး၊ အမြောက်တွေ အမြောက်အများသုံးပြီး စစ်ရေးအရှိန် ဆက်ပြင်းထန်ဖို့ရှိနေလို့ အခု ပေးမယ့်အကူအညီထဲမှာ အမြောက်ကျည်တွေနဲ့ ဟိုင်းမားစ်လို့ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည်တွေ၊ တင့်ကားဖျက်မိုင်းတွေနဲ့ သံချပ်ကာယာဥ်ဖျက် လက်နက်တွေလည်း ပါဝင်မှာဖြစ်ပြီး ဒါတွေက ရုရှားမြေပြင်တပ်တွေကို ပြန်လည်တွန်းလှန်ဖို့လိုအပ်တယ်လို့ အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ အကူအညီပေးရေးအစီအစဉ်ဟာ ကာကွယ်ရေးဌာနစာရင်းထဲက စစ်လက်နက်ပစ္စည်းတွေကို ၃၆ ကြိမ်မြောက် သမ္မတခွင့်ပြုချက်နဲ့ ထုတ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းတပ်တွေက ပြင်းပြင်းထန်ထန်နဲ့ တွန်းလှန်တိုက်ခိုက်နေလို့ စစ်မြေပြင်မှာ ပိုပြီး အခြေအနေ ခိုင်မာလာသလို ရုရှားတပ်ဖွဲ့တွေ အားနည်းယုတ်လျော့လာတဲ့ အချိန်မှာ ယူကရိန်းအတွက် အခုလို စစ်ရေးအကူအညီသစ်တွေ ထပ်မံပေးခဲ့တာလို့ အမေရိကန် အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

ရုရှားဘက်က တိုက်ပွဲတွေမှာ ဆက်တိုက်အဆုံးအရှုံးတွေများနေပေမယ့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အရေးပါတဲ့ ဘက်မုမြို့က တိုက်ပွဲတွေမှာတော့ ရုရှားဘက်က အမြောက်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ယူကရိန်းမြေပြင်တပ်ဖွဲ့အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။ ရုရှားတပ်တွေဟာ ဒီနှစ် အစောပိုင်းကတည်းက အသစ်တဖန် ထိုးစစ်စတင်ခဲ့ပေမယ့် ရှေ့မရောက်ဘဲ တန့်နေခဲ့တာပါ။ တခါ ယူကရိန်းဘက်ကလည်း ကြီးမား ကျယ်ပြန့်တဲ့ နွေဦးရာသီ တန်ပြန်ထိုးစစ်ကြီးတခုကို လာမယ့် ရက်တွေ ဒါမှမဟုတ် ရက်သီတင်းပတ်တွေထဲမှာ စတင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

တပြိုင်တည်းမှာပဲ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မီလီ တို့ဟာ ဒီအပတ်ထဲမှာ ဂျာမနီနိုင်ငံကို သွားရောက်ပြီး ယူကရိန်းကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်း ဦးဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ရုရှားရဲ့ကျူးကျော်မှုကိုတွန်းလှန်ရာမှာ အကူအညီပေးဖို့ ဒီအဖွဲ့ကို မနှစ် ဖေဖော်ဝါရီကတည်းက အမေရိကန်ဦးဆောင်ပြီး နိုင်ငံပေါင်း (၅၀) လောက် ပါဝင် ဖွဲ့စည်းထားတာပါ။

ဒီခရီးစဥ်မတိုင်မီ အင်္ဂါနေ့မှာတော့ ကာကွယ်ရေးဝန်ကြီး အော်စတင်ဟာ ဆွီဒင်နိုင်ငံကို ရောက်ရှိနေပြီး ဆွီဒင်ကို မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေး မဟာမိတ် နေတိုး (NATO) အဖွဲ့ဝင် ဖြစ်ရေး ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ရောက်လာတာလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ဝန်ကြီး အော်စတင်ဟာ ဗုဒ္ဓဟူးနေ့မှာ ဆွီဒင် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့မှာတော့ ဆွီဒင်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်သလို ဆွီဒင်ရဲ့ အဆင်မြင့် စစ်ရေးစွမ်းရည်တချို့ကိုလည်း ကြည့်ရှုဖို့ ရှိပါတယ်။


ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေဟာ မနှစ်က ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့တာပါ။ ဖင်လန်က ဒီလအစောပိုင်းမှာ ၃၁ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပေမယ့် တူရကီနဲ့ ဟန်ဂေရီနိုင်ငံတွေက ဆွီဒင်နဲ့ နှစ်နိုင်ငံချင်းကြား သဘောထားကွဲပြားမှုတွေရှိနေလို့ ဆွီဒင်ရဲ့ လျှောက်ထားချက်ကို အတည်ပြုချက်ဖို့ ဆိုင်းငံ့ထားပါတယ်။

နေတိုးအဖွဲ့မှာ ဆွီဒင်ပါလာခဲ့ရင် ရုရှားရဲ့ဘောလ်တစ်ပင်လယ်ဒေသမှာ အနောက် မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ ကျော် ကန် စစ်ရေးအကူအညီပေးမည်