[[Zawgyi/Unicode]]
ရုရှားနဲ့ဘဲလာရုစ်နိုင်ငံက အားကစားသမားတွေကို ဘေဂျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပေးတော့ဘူးလို့ နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ကော်မတီ (IPC) က ပြောလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာနဲ့ပတ်သက်ပြီး တခြားအားကစားအသင်းတွေက ရုရှားနဲ့ဘဲလာရုစ်နိုင်ငံတွေကို ဝင်ခွင့်ပေးရင် သူတို့အနေနဲ့ ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ဘေဂျင်း ဆောင်းရာသီ မသန်စွမ်း အိုလံပစ်ပွဲကျင်းပဖို့ တရက်ပဲလိုတော့တဲ့အချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ မသန်စွမ်း အိုလံပစ်ကော်မတီဥက္ကဋ္ဌ Andrew Parsons က ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အစောပိုင်းတုန်းကတော့ IPC ဘက်က အားကစားသမားတွေဟာ ကျူးကျော်တဲ့သူတွေမဟုတ်တာကြောင့် IPC အနေနဲ့ သူတို့ရဲ့စည်းမျဉ်းတွေနဲ့အညီ ရုရှားနဲ့ဘဲလာရုစ်နိုင်ငံတွေကို နိုင်ငံကိုယ်စားပြုမဟုတ်ဘဲ ဝင်ခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ကျန်တဲ့ နိုင်ငံတွေရဲ့ မသန်စွမ်းအိုလံပစ်ကော်မတီတွေက ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့မစဉ်းစားရင် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဟာ အကြီးအကျယ်ထိခိုက်လာနိုင်စရာရှိတယ်လို့ ပြောတဲ့အကြောင်း ဥက္ကဋ္ဌ Parsons ကပြောပါတယ်။
နိုင်ငံကိုယ်စားပြု မသန်စွမ်း အိုလံပစ်ကော်မတီတွေ၊ အားကစားသမားတွေနဲ့ အားကစားအဖွဲ့ အတော်များများကလည်း ပြိုင်ပွဲကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်လာကြပြီး အားကစားရွာတွေမှာလည်း အခြေအနေတွေက သာသာယာယာမဟုတ်ဘဲ ထိန်းမရတဲ့ အနေအထားဖြစ်နေတယ်လို့ သူကပြောပါတယ်။ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေဟာ သူတို့အစိုးရတွေရဲ့လုပ်ရပ် အကျိုးဆက်တွေကို ခံရတာဖြစ်တယ်လို့ Parsons က ပြောပါတယ်။
ဘေဂျင်း ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ရုရှားက အားကစားသမား ၇၁ ယောက် နဲ့ ဘဲလာရုစ်က ၁၂ ယောက်ဝင်ပြိုင်ဖို့ လုပ်ထားတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]
=================