ယူကရိန်း စားနပ်ရိက္ခာရှားပါးမှု အခြေအနေ ဆိုးသထက်ဆိုး - WFP

Mariupol မြို့စွန်မှာ ရေနဲ့ အစားအသောက်တွေ သယ်ယူလာတဲ့ ဒေသခံများ။ (မတ် ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားဝင်ရောက်ကျူးကျော် တိုက်ခိုက်တာ ခံနေရတဲ့ ယူကရိန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာနဲ့အတူ စားနပ်ရိက္ခာရဖို့လည်း တဖြည်းဖြည်း ခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြား နေထိုင်ရတဲ့ ယူကရိန်းပြည်သူတွေကလည်း မတတ်သာတဲ့အဆုံး အစားအသောက်အတွက် အလွန်အမင်း ခြိုးခြံချွေတာနေကြတာပါ။ ဒီအကြောင်း ဂျီနီဗာ ကုလသမဂ္ဂရုံးက ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့သတင်းကို ဒေါ်ခင်မျိုးသက် တင်ပြပေးထားပါတယ်။

လူဦးရေ ၄၄ သန်းရှိတဲ့ ယူကရိန်းနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်လာပြီ ဖြစ်ပါတယ်။ WFP ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အဖွဲ့ကတော့ ယူကရိန်းနိုင်ငံတွင်း စားနပ်ရိက္ခာ လည်ပတ်မှု အခြေနေဟာ ပျက်ယွင်းနေပြီဖြစ်သလို အစားအစာ လုံလုံလောက်လောက် မရမှာကိုလည်း ယူကရိန်းပြည်သူ ၄၅ ရာခိုင်နှုန်းလောက်က စိုးရိမ်နေကြတယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်းနိုင်ငံထဲ စစ်ပွဲကြောင့် ပိတ်မိနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အစိုးရရဲ့ စားနပ်ရိက္ခာ ဖြည့်တင်းပေးမယ့် စနစ်ကလည်း ပျက်နေပြီလို့ WFP ရုံး ပြောခွင့်ရ Tomson Phiri က ပြောပါတယ်။

“ယူကရိန်းမှာ အခုဆို လူ ၅ ဦးမှာ တဦးက အစားအသောက်အတွက် ခြိုးခြံတဲ့နည်းကို သုံးနေကြပြီလို့ WFP က ခန့်မှန်းထားပါတယ်။ အခြေနေကလည်း တဖြည်းဖြည်း ပိုဆိုးလာနေပါတယ်။ ဒီလို စိုးရိမ်စရာကောင်းတဲ့ အချိန်မျိုး ဖြစ်တဲ့အတွက် လူတွေက သူတို့စားနေကျထက် လျှော့စားလာကြသလို စားတဲ့အကြိမ်ရေကိုပါ လျှော့ပစ်ခဲ့ကြတာပါ။ လူကြီးတွေကလည်း သူတို့ကိုယ်တိုင် မစားမသောက် အငတ်ခံပြီး ကလေးတွေစားဖို့ လုပ်ပေးနေကြပါတယ်။”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ ယူကရိန်းနိုင်ငံက ကလေးအားလုံးရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ကလေးငယ် ၄ ဒသမ ၃ သန်းဟာ ရုရှားတွေ ဝင်ရောက်ကျူးကျော်ချိန်ကစပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ စာရင်းမှာတော့ အခုဖြစ်ပွားနေတဲ့ စစ်ကြောင့် သေဆုံးခဲ့ရသူ ၁,၀၈၀ ကျော်ထဲမှာ ကလေးငယ် ၇၈ ယောက် ပါနေတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားတပ်တွေရဲ့ မရပ်မနား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေရပ်ကွက်တွေ၊ လေဆိပ်တွေ၊ တံတားတွေ၊ အရပ်ဘက် အဆောက်အအုံတွေနဲ့အတူ ဆေးရုံဆေးခန်းပေါင်း ၇၀ ကျော်လည်း ပျက်စီးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စူပါမားကက်တွေမှာ ဘာမှမရှိတော့သလို ကုန်လှောင်ရုံတွေမှာလည်း စားနပ်ရိက္ခာတွေ တဖြည်းဖြည်း ကုန်ခန်းလာနေတယ်လို့ Phiri က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ အထူးသဖြင့် လုံးဝနီးပါး အဖျက်ဆီးခံခဲ့ရတဲ့ ယူကရိန်းရှေ့ပိုင်းက Mariupol လို နေရာမျိုးမှာ နေထိုင်တဲ့ မိသားစုတွေအတွက် ကြီးမားတဲ့ ပြဿနာက အစားအစာရဖို့ဖြစ်ကြောင်း ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို မသွားရောက်နိုင်သလို နိုင်ငံတွင်းမှာလည်း လူသားစာနာမှု လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့တွေ မရှိတာဟာ ယူကရိန်းနိုင်ငံထဲက မိသားစုတွေ ရှင်သန်ရပ်တည်ရေးကို အကူအညီ ပေးဖို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေပါတယ်။ ရုရှားတပ်တွေ အဝိုင်းခံနေရတဲ့ Mariupol မြို့မှာ နောက်ဆုံးလက်ကျန် ရေနဲ့ အစားအစာတွေလည်း ပြတ်နေသလို ဖေဖော်ဝါရီ ၂၄ ရုရှားဝင်တိုက်ချိန်ကတည်းက လူသားစာနာမှု အကူအညီတွေလည်း အပိတ်ပင်ခံနေရတာပါ။”

WFP ဟာ ယူကရိန်းနိုင်ငံထဲက ပြည်သူ ၃ သန်းအတွက် လုံလောက်တဲ့ စားနပ်ရိက္ခာတွေ ပို့ပေးခဲ့တယ်လို့လည်း Phiri က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ မျှော်လင့်ရတဲ့ တချို့မြို့ကြီးတွေက နေရာအများအပြားမှာလည်း WFP က စားနပ်ရိက္ခာတွေ သိုလှောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်း စားနပ်ရိက္ခာရှားပါးမှု အခြေအနေ ဆိုးသထက်ဆိုး - WFP

------------------------------

(Unicode)

ယူကရိနျး စားနပျရိက်ခာရှားပါးမှု အခွအေနေ ဆိုးသထကျဆိုး - WFP









