မြောက်ကိုရီးယားတပ်ဖွဲ့တွေ ယူကရိန်းတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်

ရုရှားမှာတွေ့ရတဲ့ မြောက်ကိုရီးယားစစ်သားများ (နိုဝင်ဘာ ၃၊ ၂၀၂၄)

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်ကနေ ကူညီဖို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်တွေနဲ့ ယူကရိန်းတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒါဟာ ၂ ဘက်တပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးတာကို ပထမဆုံး တရားဝင် ထုတ်ဖေါ်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ အခုလို မြောက်ကိုရီးယားတပ်သားတွေနဲ့ ပထမဆုံး ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွါးတာဟာ မတည်မငြိမ် ဖြစ်နေတဲ့ ကမ္ဘာကြီး အတွက် စာမျက်နှာသစ် ဖွင့်လိုက်တာ ဖြစ်ကြောင်းလည်း သမ္မတ Zelenskyy က သူ့ အင်္ဂါနေ့ ပြည်သူကိုတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ယူကရိန်းကာကွယ်ရေး ဝန်ကြီး Rustem Umerov ကလည်း မြောက်ကိုရီးယား တပ်သားတွေ ဝင်လာတာကို အတည်ပြုခဲ့ပြီး ယူကရိန်းနဲ့ မြောက်ကိုရီးယား တပ်သားတွေကြား အသေးစား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့လည်း တောင်ကိုရီးယား သတင်းဌာန KBS ရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းလုံခြုံရေး ကောင်စီရဲ့ မမှန်သတင်းတိုက်ဖျက်ရေး ဆိုင်ရာဌာနခွဲ အကြီးအကဲ Andrii Kovalenko ကလည်း Kursk ဒေသမှာ မြောက်ကိုရီးယား တပ်တွေ ပထမဆုံး တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။

ဥရောပဒေသက ပဋိပက္ခမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အရှေ့အာရှ ဒေသက တပ်သားတွေ ပါဝင်တိုက်ခိုက်လာတာ ဖြစ်ကြောင်း ဥရောပကောင်စီရဲ့ နိုင်ငံခြားဆက်ဆံရေး ဌာနက သုံးသပ်ပါတယ်။

ယူကရိန်းစစ်တပ်က အင်္ဂါနေ့မှာ ရုရှားရဲ့ မစ်ဇိုင်းဒုံး ၂ လုံးကို ပစ်ချခဲ့သလို၊ ရုရှားတပ်တွေ ပစ်ခတ်တဲ့ ဒရုန်း ၇၉ ခုထဲက ၄၈ ခုကို ဖျက်ဆီး ပစ်နိုင်ခဲ့တယ်လို့ အင်္ဂါနေ့ အစောပိုင်းက ပြောပါတယ်။