ယူကရိန်းစစ်ပွဲ ၂ နှစ်ရှိလာချိန်မှာ ကလေးငယ်တွေ ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ယူကရိန်းက မူကြိုနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေး၊ သင်တန်းပေးတာတွေကို စနစ်တကျ စတင်လာပါတယ်။ ဗုံးခိုကျင်းတွေအကြောင်းရှင်းပြတာအပြင် ရှေးဦးသူနာပြုစုနည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးသင်တန်းတွေလည်းပေးလာပါတယ်။ စစ်ပွဲတွေက ကလေးငယ်တွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေရှိနေသလဲဆိုတာ သတင်းထောက် Lesia Bakalets ယူကရိန်းနိုင်ငံ မြို့တော် Kyiv ကပေးပို့တဲ့ သတင်းဆောင်းပါးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာနေတဲ့ မြန်မာနိုင်ငံမှာရော စစ်ဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ ကလေးငယ်တွေကို ဘယ်လောက်အထိ အသိပညာပေး ရှင်းပြတာရှိပါလဲ။ ဘယ်လို ကြိုတင် ပြင်ဆင် ကာကွယ်ပေးမှုတွေရှိနေသလဲဆိုတာတွေကို မခင်ဖြူထွေးက စုစည်း တင်ပြပေးထားပါတယ်။
စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံမှာ မူကြိုကလေးငယ်တွေဟာ ကျောင်းစာနဲ့အတူ ဘဝ သင်ခန်းစာသစ်တွေကိုပါ တိုးချဲ့သင်လာကြရပါတယ်။
"ဒါက စွန့်ပစ်ထားတဲ့အိမ်။ ဒီအိမ်က အန္တရာယ်ရှိနိုင်တယ်။ ဘာကြောင့်လဲ လက်ပစ်ဗုံး ရှိနေနိုင်တာကြောင့် ဖြစ်တယ်" − စသဖြင့် ကလေးငယ်တွေ နားလည်နိုင်မယ့် ဘာသာရပ်နဲ့ မူကြိုဆရာမက ရှင်းပြပေးနေတာပါ။
Irpin မြို့မှာ အသက် ၃ နှစ်နဲ့ ၄ နှစ်ကြားသာရှိသေးတဲ့ မူကြိုကလေးငယ်တွေကို ဘေးကင်းလုံခြုံရေးဆိုင်ရာ အထူး သင်ကြားမှုတွေ အပတ်စဥ် သင်ပေးနေတာပါ။ မူကြိုဆရာမ Svitlana Kravets က ခုလို ပြောပြပါတယ်။
“မြေကြီးပေါ်မှာ အရာဝတ္ထုတခုတွေ့ရင် ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကောက်မကိုင်မိစေဖို့ ပြောပြပါတယ်။ အရုပ်တခု၊ သကြားလုံးတလုံးဆိုရင်တောင် အဲ့ဒါက အန္တရာယ်ရှိတဲ့မိုင်း ဖြစ်နေနိုင်တယ်ဆိုတာမျိုး ရှင်းပြပါတယ်။”
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲစတင်ပြီး လပိုင်းအတွင်း ၂၀၂၂ ခုနှစ် မတ်လအစောပိုင်းမှာပဲ Irpin မြို့ကို ရုရှားတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး နောက်ပိုင်း မြို့ကနေပြန်လည်ဆုတ်ခွာချိန်မှာလည်း မြေမြှုပ်မိုင်းတွေထောင်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့်ပဲ ခုချိန်မှာ ယူကရိန်းကလေးငယ်တွေဟာ သူတို့နေ့စဥ်ရင်ဆိုင်နေရတဲ့ စစ်ဘေးအန္တရာယ်တွေအကြောင်းကို သင်ခန်းစာတခုအဖြစ် သင်နေရတာဖြစ်ပါတယ်။
“ကလေးငယ်တွေကို သင်ပြပေးရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျမတို့ ရအောင် သင်ကြားပေးရမှာပါ။ မြေမြှုပ်မိုင်း၊ လက်ပစ်ဗုံးနဲ့ ပေါက်ကွဲပစ္စည်းတွေအကြောင်း စာအုပ်တွေ၊ ဂိမ်းတွေ၊ စကားထာတွေနဲ့ နည်းမျိုးစုံသုံးပြီး ရှင်းပြပါတယ်။”
ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂရန်ပုံငွေအဖွဲ့ UNICEF ကလည်း နိုင်ငံတဝန်းက မူကြိုနဲ့ မူလတန်းကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပညာပေး ထောက်ကူပစ္စည်းတွေ ကူညီပေးပါတယ်။ UNICEF ရဲ့ ယူကရိန်း ဌာနေ ဆက်သွယ်ရေး တာဝန်ခံ Damian Rance က ခုလိုပြောပြပါတယ်။
“လက်ရှိ ယူကရိန်း အခြေအနေမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ ဘယ်လို နေရာတွေမှာ ရှိနိုင်တယ်။ တကယ်လို့ အဲ့ဒီလို အရာဝတ္ထုတချို့ကိုတွေ့ခဲ့ရင် ဘယ်ဖုန်းနံပါတ်ကို ခေါ်သင့်တယ်။ ဘာလုပ်သင့်တယ်ဆိုတာတွေကို ကလေးငယ်တွေကို ရှင်းပြပါတယ်။ လတ်တလောမှာက နိုင်ငံရဲ့နယ်မြေ ၃၀ % လောက်မှာ မြေမြှုပ်မိုင်းတွေ ရှိနေတာပါ။”
သံသယဖြစ်စရာ ပစ္စည်းတခုခုတွေ့ရင်ဖုန်းခေါ်ဖို့အပြင် ရှေးဦးသူနာပြုစုနည်းကိုလည်း Kyiv မြို့က ကျောင်းတွေမှာသင်ပေးပါတယ်။ Melitopol မြို့ကနေ ထွက်ပြေးလာခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသားလေး Andriy Kanavov က သူနားလည်တဲ့ စစ်ပွဲဆိုတာကို ခုလို ပြောပြပါတယ်။
“စစ်ပွဲဆိုတာက နိုင်ငံတခုက တခြားနိုင်ငံတခုရဲ့ နယ်မြေကို သိမ်းယူချင်တဲ့အခါ ဖြစ်ပါတယ်။ ဗုံးကြဲတာ၊ အမြှောက်ကားတွေနဲ့ တိုက်တာ မျိုးစုံ လုပ်ပါတယ်။”
ကလေးငယ်တွေဟာ ဘာမှ မသိ နားမလည်ဘဲ ကြီးပြင်းလာကြတာမို့ သူတို့အနေနဲ့ ခုလိုအခြေအနေတွေကို ပိုမို သတိပြု၊ ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ကျောင်းဆရာမ Lyudmila Gavrilyuk ကလည်း ပြောပါတယ်။
“တခါတလေမှာ ကလေးငယ်တွေဝမ်းနည်းပြီး တိတ်ဆိတ်နေတာမျိုး တွေ့ဖူးပါတယ်။ အဲ့လိုအခါမျိုးမှာ ကျမတို့ သူတို့အနားမှာ ရှိပေးရပါမယ်။ တချိန်တည်းမှာလည်း လက်ရှိစစ်ပွဲ အခြေအနေတွေကို သူတို့နားလည်အောင် ပညာပေး အစီအစဥ်တွေ မပြတ် လုပ်နေရပါမယ်။”
စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာရော စစ်ပွဲတွေကြား ရှင်သန်နေရတဲ့ ကလေးငယ်တွေအတွက် ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေ၊ အသိပညာပေးတာတွေ ရှိနေပါပြီလား။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားကတော့ ခုနောက်ပိုင်း ကရင်နီဒေသက စာသင်ကျောင်းတွေမှာ ဒီလို အသိပညာပေးတာ အပါအဝင် ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ နည်းလမ်းတွေ စတင် လုပ်ဆောင်လာတာရှိပေမဲ့ ထိရောက်ဖို့မှာတော့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။
“Civilian protection အရပ်သား ကာကွယ်ရေး နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုနှစ်ပိုင်းမှာမှ ပို လုပ်ဖြစ်တာပေါ့နော်။ IEC (ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ) ထွက်ပေါ်လာပြီးတဲ့နောက်မှာ နည်းနည်းပါးပါး လုပ်ဆောင်လာတာ ရှိပါတယ်။ ဒါပေမဲ့ အားလုံးသိဖို့က ဒီအရပ်သား ကာကွယ်ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာက နည်းပညာကိစ္စတွေ ပါတယ်။ ငွေကြေးသုံးရမှာတွေ ပါတယ်။ နည်းပညာလို့ပြောရင် ကျနော်တို့က ကတုတ်ကျင်းတူးတာကအစ သင်တန်းတွေပေး၊ စနစ်တကျ ဘယ်လိုမျိုးပြေး၊ ဘယ်လိုမျိုးဝပ်-ဆိုတာကအစ အချက်ပြ အသံပေးတဲ့စနစ်၊ siren ပေးတဲ့စနစ်တွေ လိုတယ်။ ဝေါ်ကီတော်ကီ ကအစ ဒါတွေက နည်းပညာနဲ့အတူ ရှိတယ်။ နောက်ပြီး ငွေကြေးကုန်ကျမှု တအားများတယ်။ ကတုတ်ကျင်းတခုကို စနစ်တကျ တူးမယ်ဆိုရင် ၂၁ သိန်း ကျတယ်။ အဲ့ဒီတော့ ကျနော်တို့ဆီမှာ ကျောင်းက အလုံးပေါင်း ၄၀၀ ကျော် ရှိတယ်။ အဲ့ဒီငွေကြေးကို ဘယ် NGO ဘယ်နိုင်ငံ အစိုးရကမှလည်း ပေးနိုင်တာ မဟုတ်ဘူး။ ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တူးကြတာ ရှိတယ်။ ကိုယ့်အရင်းအမြစ်နဲ့ တူးကြတာရှိတယ်။ အဲ့ဒီတော့ စနစ်မှန်ဖို့ကတော့ စံချိန် မမီဘူးပေါ့။ ယူကရိန်းနဲ့တော့ ကိုယ့်ရဲ့ မြန်မာနိုင်ငံ၊ ကိုယ့်ရဲ့ ကရင်နီပြည်ကို တိုင်းလို့တော့မရဘူးပေါ့။ အခက်အခဲတွေတော့ ရှိတာပေါ့။”
“ပုံမှန်အားဖြင့်တော့ အသိပညာပေးတာတွေ လုပ်ရတာပေါ့။ ကျောင်းတွေမှာ အသိပညာပေးတာတွေ လုပ်ရတယ်။ ဒါကလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ ရှိခဲ့ဖူးတဲ့ဟာ မဟုတ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုင်ပင်ပြီး တီထွင်ကြံဆရတာ ရှိတယ်။ တချို့ နိုင်ငံတကာ အကူအညီ၊ နည်းပညာ အကူအညီနဲ့ ပေါင်းစပ်တာတော့ ရှိတာပေါ့။ သေချာတာတခုကတော့ ကျောင်းတကျောင်းကို ပုံမှန် လုပ်နိုင်ဖို့အတွက်က team တွေ လိုအပ်တာပေါ့။ အဲ့ဒီ team တွေ သွားဖို့လာဖို့ စရိတ်တွေ လိုအပ်တယ်။ ပြီးရင် ကျောင်းတွေမှာ တပတ်တကြိမ် ပုံမှန် evacuation စနစ်တွေ တည်ထောင်ဖို့ကလည်း လိုအပ်သေးတယ်။ အဲ့ဒါကြောင့် အားသာချက် အားနည်းချက်တွေတော့ ရှိနေသေးတာပေါ့။”
စစ်ပွဲတွေကြား ရှင်သန်နေရတဲ့အချိန် ဗုံးနဲ့ မြေမြှုပ်မိုင်းတွေကို ဘယ်လို ရှောင်ရှားနိုင်မလဲ။ ဘယ်လို ရှေးဦးသူနာပြုစုနည်းတွေကို သုံးနိုင်မလဲ ဆိုတာတွေ ကလေးငယ်တွေပါ သိဖို့ အရေးကြီးလာပေမဲ့ ယူကရိန်းမှာလိုတော့ မြန်မာစစ်ဒဏ်သင့် ဒေသတွေမှာတော့ စနစ်တကျ သင်ကြား ပေးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ တချို့ဒေသတွေမှာ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့အခါ ပုန်းခိုဖို့တောင် ဝပ်ကျင်းတွေ စနစ်တကျ မရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် စစ်ပွဲတွေဖြစ်လာရင်တော့ စစ်ပွဲရဲ့ရိုက်ခတ်မှုကို ကလေးငယ်တွေလည်း ခံကြရပါတယ်။ လက်ရှိယူကရိန်းမှာ စစ်ပွဲတွေကြောင့် ကလေးငယ် ၇ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄၀ % လောက်ဟာ လူကိုယ်တိုင် တိုက်ရိုက် ပညာသင်ကြားခွင့် မရကြသေးသလို ကလေး ၁ သန်းခွဲလောက်ကတော့ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရပြီး တတ်ကျွမ်းတဲ့ပညာရှင်တွေရဲ့ ကုသမှုတွေ လိုအပ်နေတယ်လို့ UNICEF အဖွဲ့က Damian Rance က ပြောပါတယ်။
အလားတူ မြန်မာနိုင်ငံမှာလည်း ကျောင်းပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေ၊ စစ်ပွဲတွေကြောင့် စိတ်ဒဏ်ရာသင့်တဲ့ ကလေးငယ်တွေ အများအပြား ရှိနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ စနစ်တကျ လေ့လာ စာရင်းပြုစုနိုင်တဲ့ အနေအထား မရှိတာကြောင့် အရေအတွက်ကို မပြောနိုင်ပေမဲ့ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေက ကလေးငယ်တွေ အများအပြား ခုလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5