ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
ဓါတ်ဆီ၊ ရေနံဆီ၊ ကျောက်မီးသွေး စတာတွေကိုသုံးပြီး၊ စွမ်းအင်ထုတ်လုပ်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး၊ အပူဓါတ်လွန်ကဲစေတာမို့ ရာသီဥတုကို ပြောင်းလဲစေတယ်လို့ ယူဆကြပါတယ်။ ရေနဲ့လေက လျှပ်စစ်ဓါတ်အား ထုတ်ယူတာဟာ အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးလို့ ဆိုပါတယ်။ လေအား လျှပ်စစ်ထုတ်ယူတဲ့ လေရဟတ်၊ လျှပ်စစ်မော်တော်ကား၊ မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပြူတာမှာ သုံးဖို့အတွက် မြေရှားသတ္တုဟာ မရှိရင် မဖြစ်တဲ့ပစ္စည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြဿနာက မြေရှားသတ္တု ထုတ်ယူရာမှာလည်း သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်အရှေ့မြောက်ပိုင်းက ကချင်အထူးဒေသ (၁) ဟာ တရုတ်ရဲ့ မြေရှားစက်ရုံ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ မတ်လက ဂြိုဟ်တုကနေ စုံစမ်းဖို့ Global Witness အဖွဲ့က စီစဉ်ပါတယ်။ အဲဒီအခါမှာ စင်္ကာပူနိုင်ငံလောက် ကျယ်ဝန်းတဲ့မြေနေရာမှာ မြေရှားသတ္တုထုတ်ယူတဲ့ လုပ်ကွက်ပေါင်း (၃၀၀) နီးပါး တွေ့ရတဲ့အပြင် မြေရှားသတ္တုစစ်ယူတဲ့ အစိမ်းရောင် ရေကန်ပေါင်း (၂၇၀၀) ကျော်ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ နယ်ခြားစောင့်တပ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ချီဖွေခရိုင်မှာ တရုတ်ကုမ္ပဏီတွေ မြေရှားသတ္တုထုတ်ယူနေတာ နှစ်အတော်ကြာနေပါပြီ။ မြေရှားသတ္တု ထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနေကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက (၂၀၁၆) မှာ စစ်တမ်းကေက်ယူဖူးပါတယ်။ NLD အစိုးရလက်ထက်မှာလည်း မြေရှားသတ္တု စစ်ဆေးရေးအဖွဲ့က (၂၀၁၉) မှာ အစီရင်ခံစာတစောင် ထုတ်တယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ကောင်ကင်ဂြိုဟ်တုကရော ကွင်းဆင်းလေ့လာရေးရော Global Witness အဖွဲ့က (၆) လလောက် စုံစမ်းစစ်ဆေးတဲ့အခါမှာ တရုတ်ပြည်ရဲ့ မြေရှားသတ္တုလုပ်ငန်းမှာ ချီဖွေခရိုင်ဟာ အဓိကပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်က တရုတ်လူမျိုး (၁၆,၀၀၀) လောက် ကချင်အထူးဒေသ (၁) မှာ အလုပ်လုပ်နေကြောင်း သိရပါတယ်။
တရုတ်အကောက်ခွန်ဌာနစာရင်းအရ ၂၀၁၇ မေလကနေ ၂၀၂၁ သြဂုတ်လအထိ (၄) နှစ်အတွင်း မြေရှားသတ္တု တန်ချိန် တစ်သိန်းလေးသောင်းကျော် မြန်မာပြည်က တင်သွင်းကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၁၁၀၀) လောက် တန်းဖိုးရှိပါတယ်။ တကမ္ဘာလုံးမှာ ၂၀၂၀ က မြေရှားသတ္တုတန်ချိန် (နှစ်သိန်းလေးသောင်း) ထုတ်လုပ်ပါတယ်။ တရုတ်ပြည်က (၁၄၀,၀၀၀) အမေရိကန်က (၃၈,၀၀၀)၊ မြန်မာက (၃၀,၀၀၀) ထွက်ကြောင်း ခန့်မှန်းကြပါတယ်။ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ် အစိတ်အပိုင်းတွေပါဝင်တဲ့ ကချင်အထူးဒေသ (၁) မှာ မြေရှားသတ္တု အကြီးအကျယ် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မြေရှားတူးဖော်ရာမှာ Oxalic Acid, Ammonium Bicarbonate စတဲ့ ဓါတုပစ္စည်း ငါးမျိုးလောက် သုံးပါတယ်။ အဆိပ်သင့်တာမို့ ဒေသထွက် ချဉ်စော်ကားသီးနဲ့ သစ်ကြားသီးကို ဝယ်ယူသူ နည်းပါးလာတယ်လို့ သိရပါတယ်။
ကချင်အထူးဒေသ (၁) မှာ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူနဲ့ ရဝမ်စတဲ့ မျိုးနွယ်တွေ အခြေချပြီး လာချိတ်မျိုးနွယ် ဇခုန်တိန့်ယိန်းမိသားစုက သြဇာညောင်းပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်က (၁၉၆၈) မှာ ခွဲထွက်ပြီး၊ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပူးပေါင်းကာ ပန်ဝါနဲ့ ကန်ပိုက်တီမှာ ခြေကုပ်စခန်း ဖွင့်ပါတယ်။ ဗကပ (၁၀၁) စစ်ဒေသအဖြစ် သတ်မှတ်ပြီး စစ်အစိုးရကို ဆန့်ကျင်ပါတယ်။ ၁၉၈၉ မှာ ဗကပ ပြိုကွဲတဲ့အခါ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K ကို ဖွဲ့စည်းပြီး ကချင်အထူးဒေသ (၁) ကို ချုပ်ကိုင်ပါတယ်။ ၂၀၀၉ မှာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်ခံပြီး၊ နယ်ခြားစောင့်တပ်ရင်း (၃) ရင်း ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၁၉ မှာ ဒီမိုကရေစီပါတီသစ် (ကချင်) ကို တည်ထောင်ပြီး၊ အာဏာရအစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်မယ်လို ကြေညာပါတယ်။ မြေရှားသတ္တု ထုတ်လုပ်မှုဟာ အန္တရာယ်ရှိပေမယ့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် ကြီးစိုးတာမို့ ကန့်ကွက်သူ နည်းပါတယ်။
မြေရှားသတ္တု (၁၇) မျိုး ရှိတဲ့အနက် ကချင်အထူးဒေသ (၁) မှာ ရှားပါးတဲ့ Dysprosium နဲ့ Terbium သတ္တုတွေထွက်တာမို့ တရုတ်ကုမ္ပဏီတွေအဖို့ အလွန်အသုံးဝင်နေပါတယ်။ ထုတ်လုပ်တဲ့အခါ စွန့်ပစ်ရတဲ့ပစ္စည်းဟာ အဆိပ်အတောက်ရှိတာမို့ အန္တရာယ်ကြီးပါတယ်။ ပန်ဝါဒေသက သောက်သုံးရေကို စစ်ဆေးကြည့်တဲ့အခါမှာ အဆိပ်သင့်နေတာ တွေ့တယ်လို့ အရပ်ဘက်အဖွဲ့တဖွဲ့က ဆိုပါတယ်။ အခုအချိန်မှာ မသိသာပေမယ့် ရေရှည်မှာ ဒေသတခုလုံး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ မြေရှားရှာဖွေရေးမှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်း ကိုင်သူဟာ လုပ်ခပိုရတယ်လို့ KachinWaves မှာ ဖော်ပြပါတယ်။
ကချင်အထူးဒေသ (၁) ကို နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်က ချုပ်ကိုင်ထားတဲ့အတွက် အပြင်လူတွေ ဝင်ရောက်လေ့လာဖို့ အခက်အခဲ ရှိပါတယ်။ ချုပ်ကိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရုတ်ကုမ္ပဏီတွေ အကျိုးအမြတ်ခံစားရပြီး ဒေသခံပြည်သူတွေ ဖိနှိပ်ခံနေရပါတယ်။ မြေရှားလုပ်ငန်း ကန့်ကွက်သူကို နယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းကြောင်း ဧပြီလ (၁၂) ရက်နေ့ထုတ်၊ KachinWaves မှာ ဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီတွေ မြေရှားသတ္တုထုတ်ယူလို့ အဆိပ်သင့်တဲ့ဒေသထွက် သီးနံှတွေကို တရုတ်ဘက်က မဝယ်တော့တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရပါတယ်။
==== Unicode =====