ရိုဟင်ဂျာ ၂၅၀ အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ရိုဟင်ဂျာဒုက္ခသည် ၂၅၀ တင်ဆောင်လာတဲ့လှေ အင်ဒိုနီးရှားကို ဒီကနေ့ ထပ်ရောက်လာတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။​ ဒါဟာ အခုသီတင်းပတ်အတွင်းမှာတင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၆၀၀ လောက် ၃ ရက်ဆက်တိုက် ရောက်လာကြတာလည်း ဖြစ်ပါတယ်။​

မြန်မာနိုင်ငံကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ပင်လယ်ကိုဖြတ်၊​ အသက်စွန့်ပြီး အင်ဒိုနီးရှား၊ ဒါမှမဟုတ် မလေးရှားနိုင်ငံတို့ကို ထွက်လာနေကြတာပါ။ ဒီကနေ့ ရောက်လာကြသူတွေဟာ အင်ဒိုနီးရှားနိုင်ငံအနောက်ဘက်စွန်း အာချေ့ကမ်းခြေနဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့နေရာမှာ စောင့်နေကြကြောင်း Pulo Pineung Meunasah ရွာသူကြီး Mukhtaruddin က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

တချို့ရွာသားတွေက ရိုဟင်ဂျာတွေ လှေပေါ်ကနေ ကမ်းပေါ်တက်မလာနိုင်အောင် ဟန့်တားထားကြတယ်လို့ ဆိုပါတယ်။​ ဒီရိုဟင်ဂျာဒုက္ခသည်တွေပါတဲ့ လှေဟာ လူ ၂၄၉ ဦးကို တင်ဆောင်ပြီး လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ကနေ ထွက်ခွာလာတာလို့ ရိုဟင်ဂျာဒုက္ခသည် Manzur Alam ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။​ အဲဒီအထဲမှာ ကလေးငယ် ၅၄ ယောက်၊ အမျိုးသား ၇၉ ယောက်နဲ့ အမျိုးသမီး ၁၀၈ ယောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။​