တူရကီဗုံးကွဲ အနည်းဆုံး ၅ဝ သေဆုံး

ဗုံးပေါက်ကွဲသည့်နေရာ လုံခြုံရေးရဲ နေရာယူနေပုံ

တူရကီနိုင်ငံက Gaziantep မြို့က မင်္ဂလာပွဲတခုအတွင်း ဗုံးခွဲတိုက်ခိုက်လို့ လူ ၅၀ သေဆုံးခဲ့ရတဲ့ လုပ်ရပ်အတွက် IS အကြမ်းဖက်သမားတွေကို တူရကီသမ္မတ Recep Tayyip Erdogan က ပြစ်တင်လိုက်ပါတယ်။

ဆီးရီးယားနယ်စပ်အနားက ကာ့ဒ်လူမျိုး အများအပြားနေထိုင်တဲ့ဘက်မှာ ကျင်းပနေတဲ့မင်္ဂလာပွဲကို ကာ့ဒ် လူမျိုးအတော်များများလည်း တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အသေခံဗုံးခွဲသမားဟာ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ဖြစ်တယ်လို့ Erdogan ကပြောပါတယ်။

တရားမဝင် PKK ပါတီက ကာ့ဒ်သူပုန်တွေ၊ IS အကြမ်းဖက်သမားတွေနဲ့ ပြီးခဲ့တဲ့လက မအောင်မြင်ခဲ့တဲ့ စစ်အာဏာသိမ်းဖို့ နောက်ကွယ်ကကြိုးကိုင်သူအဖြစ် စွပ်စွဲထားတဲ့ အမေရိကန်မှာ နေထိုင်နေတဲ့ ဘာသာရေးဆရာFethullah Gulen ရဲ့ နောက်လိုက်တို့အကြား ဘာကွာခြားချက်မှမရှိဘူးလို့ တူရကီ သတင်းဌာနက ဖော်ပြတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စနေနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ကြောင့် Gaziantep မြို့ကဆေးရုံတွေကို လူနာတင်ယာဉ်တွေနဲ့ အလျှင်အမြန်ပို့ပေးနေခဲ့ရပါတယ်။ မင်္ဂလာပွဲအတွင်း ကခုန်နေကြတဲ့လူအုပ်ကြီးနဲ့ပြည့်ကျပ်နေတဲ့ လမ်းတခုထဲမှာ အသေခံဗုံးခွဲခဲ့တာလို့ မျက်မြင်တွေကပြောပါတယ်။

သေဆုံးတဲ့အထဲမှာ ကလေးငယ်တွေနဲ့ သတို့သား၊ သတို့သမီးတို့လည်း ပါဝင်ပြီး ဒါဟာ ဒီနှစ်အတွင်းဖြစ်ပွားတဲ့ အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိတ်လန့်တကြားဖြစ်နေကြတယ်လို့ နောက်တနေ့မှာ အပျက်အစီးတွေကို လိုက်လံစစ်ဆေးတဲ့ မြို့ခံ Ibrahim Ozdemir ကပြောပါတယ်။ ဒုတိယ ဝန်ကြီးချုပ် Mehmet Simsek ကလည်း နောက်တနေ့မှာပဲ သူကိုယ်စားပြုတဲ့ Gaziantep မြို့ကိုရောက်ရှိလာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက လုူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ မြို့တော် Ankara အကြမ်းဖက်တိုက်ခိုက်မှုအပါအဝင် ကာ့ဒ်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အတွက် IS အကြမ်းဖက်သမားတို့ကို ပြစ်တင်ပြောဆိုလေ့ရှိတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

တူရကီဗုံးကွဲ အနည်းဆုံး ၅ဝ သေဆုံး