အမေရိကန်နိုင်ငံက ကျောင်းတွေမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ပြဿနာကို ဖြေရှင်းဖို့ အဓိက ဦးစားပေး လုပ်ဆောင်မယ်လို့ သမ္မတ Donald Trump က ကတိပေးလိုက်ပေမယ့် ဖလော်ရီဒါ ကျောင်းမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ သေနတ်နဲ့ ပစ်ခတ်မှုနောက်ဆုံး ဖြစ်ရပ်အတွက် သေနတ်ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ တစုံတရာ ထုတ်မပြောခဲ့တာနဲ့ ပတ်သက်ပြီး သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အတွက် ကြိုးစားနေသူတွေ စိတ်ပျက်နေကြပါတယ်။
ဖလော်ရီဒါပြည်နယ် Broward County က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်းရဲ့ အားပြင်း ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်မှုကနေ လူပေါင်း ၁၇ ဦး အနည်းဆုံး သေဆုံးခဲ့ရပြီး နောက်တရက်မှာပဲ သမ္မတ Trump က ဝမ်းနည်းကြေကွဲစွာနဲ့ အမေရိကန်ပြည်သူတွေကို ပြောကြားခဲ့တာပါ။ သူဟာ သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသအရာရှိတွေကို တွေ့ဆုံဖို့ အခင်းဖြစ်ပွါးရာ Parkland မြို့ကို မကြာခင် သွားရောက်မှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
နိုင်ငံတော်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အမေရိကန် ကလေးငယ်တွေကို တိုက်ရိုက်ရည်ညွန်းပြီး သူတို့ တကယ်လို့ အကူညီလိုအပ်နေရင် ဆရာတွေ၊ မိသားစုဝင်တွေ၊ ဒေသရဲအရာရှိတွေ ဒါမှမဟုတ် ဘာသာရေးခေါင်းဆောင်တွေ ဆီကိုသွားရောက် အကူညီတောင်းဖို့ ပြောကြားခဲ့တာပါ။
လူသားအချင်းချင်း အဓိပ္ပါယ်ရှိရှိ၊ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ပြီး၊ အတန်းဖေါ်သူငယ်ချင်း အဖြစ်ကနေ အိမ်နီးချင်းတွေ မိတ်ဆွေ အပေါင်းသင်းတွေ ဖြစ်လာစေနိုင်မယ့် ဘဝသိက္ခာစောင့်ထိန်းတဲ့ ယဉ်ကျေးမှု အပြောင်းအလဲ တွေရအောင် အမေရိကန်နိုင်ငံသားတွေ လက်တွဲဆောင်ရွက်ဖို့လည်း သမ္မတ Trump က ပန်ကြားလိုက်ပါတယ်။
Your browser doesn’t support HTML5