ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ အထက်တန်းကျောင်းတကျောင်းက ကျောင်းအထုတ်ခံခဲ့ရတဲ့ ကျောင်းသားဟောင်းတဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရပါတယ်။ အခင်းဖြစ်ပွါးခဲ့တဲ့ Broward မြို့နယ်က ရဲအရာရှိ Scott Israel ကတော့ ဒီနေ့ဟာ တုန်လှုပ်ထိတ်လန့်ဖွယ်ကောင်းတဲ့ နေ့လို့ဆိုပါတယ်။ သေနတ်သမားဟာ စည်းကမ်းချိုးဖေါက်မှုနဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းက ကျောင်းအထုတ်ခံထားရတဲ့ ကျောင်းသားဟောင်း တဦးဖြစ်သူ Nicolas Cruz ဖြစ်ပြီး သူ့ကို ရဲတွေက ကျောင်းဝင်းအပြင်ဘက်မှာ အခက်အခဲမရှိပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Cruz ဟာ ရိုင်ဖယ်တလက်နဲ့ ကျည်ဆံအိမ်အများအပြားကို ကိုင်ဆောင်ထားတယ်လို့ ရဲအရာရှိကပြောပါတယ်။ သေဆုံးသူတွေ အနက် ၁၂ ဦးဟာ ကျောင်းဝင်းထဲမှာ သေဆုံးခဲ့ရပြီး ၃ ဦးကတော့ ကျောင်းအပြင်ဘက်မှာသေဆုံးရသလို ကျန် ၂ ဦးကတော့ ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသားတွေအပြင် လူကြီးတချို့ ပါပေမယ့် အဲဒီထဲမှာ ဆရာတွေ ပါမပါတော့ မသိရသေးပါဘူး။ နောက်ထပ်ဒဏ်ရာရသူ ၁၄ ဦး မကရှိတယ်လို့လည်း သိရပါတယ်။
အခင်းဖြစ်ပွါးရာ နေရာကို FBI အဖွဲ့ရောက်ရှိနေပြီး ရဲနဲ့အတူ ပူးပေါင်းကာ စုံစမ်း စစ်ဆေးမှုကို ဦးဆောင်နေပါတယ်။ သမ္မတ Trump က ဖလော်ရီဒါ အာဏာပိုင်တွေကို လိုအပ်တဲ့ အကူညီတွေ ပေးဖို့ ညွှန်ကြားထားပြီး သေဆုံး ထိခိုက်သူတွေနဲ့ သူတို့ မိသားစုဝင်တွေ အတွက် ဆုတောင်းပေးနေကြောင်းနဲ့ ဝမ်းနဲကြေကွဲရကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။
Connecticut ပြည်နယ် ဒီမိုကရက်အထက်လွှတ်တော် အမတ် Christ Murphy ကတော့ သူ့အခေါ် ကျောင်းတွင်းပစ်ခတ်မှု ဘေးဆိုးကို မကာကွယ် နိုင်တဲ့အတွက် ကွန်ဂရက်လွှတ်တော်ကို အပြစ်တင် ပြောကြားလိုက်ပါတယ်။ Connecticut ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တဲ့အတွက် မူလတန်း ကျောင်းသား ၂၀ နဲ့ လူကြီး ၆ ဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။