အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြံစည်ခဲ့မှုစွဲချက်တွေနဲ့ပတ်သက်ပြီး တရားရင်ဆိုင်၊ အဖမ်းခံဖို့ ကြာသပတေးနေ့က အတ္တလန္တာကို သွားပါတယ်။
ထရမ့်ဟာ နယူးဂျာစီက သူပိုင် ဂေါက်ရိုက်အပန်းဖြေစခန်းကနေ အတ္တလန္တာမြို့၊ ဖူလ်တန်ခရိုင် အကျဉ်းထောင်ကိုသွားပြီး အဖမ်းခံမှာဖြစ်ပါတယ်။ လက်ဗွေနဲ့ မှတ်တမ်းဓာတ်ပုံရယူပြီးရင် ဖူလ်တန်ခရိုင် အစိုးရရှေ့နေ ဖာနီ ဝီးလပ်စ် (Fani Willis) နဲ့ ဒီသီတင်းပတ် အစောပိုင်းမှာညှိနှိုင်းထားတဲ့အတိုင်း ဒေါ်လာ ၂၀၀,၀၀၀ အာမခံတင်ပြီး ပြင်ပကနေအမှုရင်ဆိုင်ဖို့ ပြန်လည်လွတ်မြောက်လာဖွယ်ရှိပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ်မှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထိပ်ဆုံးက ရေပန်းစားနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ (၅) လအတွင်း (၄) ကြိမ် မြောက် တရားစွဲဆိုခံရတာလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတတဦးဦးဟာ ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တခုခုနဲ့ တရားစွဲဆိုခံရာတာမျိုး အရင်က မရှိဖူးခဲ့ပါဘူး။ အခု ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအတောအတွင်းနဲ့ ရွေးကောက်ပွဲအပြီးမှာ သူ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံတဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက် (၄) ခုမှာ အမှုပေါင်း (၉၁) ခုနဲ့ ရင်ဆိုင်နေရပါတယ်။
ထရမ့်ဟာ အခု နောက်ဆုံး ဂျော်ဂျီယာပြည်နယ်မှာတင် အမှု ၁၃ ခုနဲ့ ရင်ဆိုင်နေရပြီး အစိုးရရှေ့နေဘက်က ထရမ့်နဲ့အတူ တွဲဖက်တရားခံအဖြစ် စွပ်စွဲခံရတဲ့ ၁၈ ဦးတို့ကို အောက်တိုဘာ ၂၃ ရက်မှာ စတင် ရုံးတင်စစ်ဆေးဖို့ ကြာသပတေးနေ့မှာ တောင်းဆိုထားပါတယ်။ ဒီလို နှစ်လအတွင်း ရုံးချိန်း စတင် စစ်ဆေးမှာကို ထရမ့်နဲ့ အပေါင်းအပါအဖြစ် စွပ်စွဲခံထားရသူတွေက ပြန်လည်ကန့်ကွက်နိုင်ပါတယ်။ ဖူလ်တန်ခရိုင် အထက်တန်းတရားရုံး တရားသူကြီး စကော့ မက်ခ်ဖီး (Scott McAfee) က အမှုစစ်ဆေးမယ့်ရက်ကို ဆုံးဖြတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အတ္တလန္တာမြို့က အမှုတွေအတွက် ဘယ်အချိန်မှာ ရုံးချိန်းတွေစတင်မှာဆိုတာ မသိရသေးပေမယ့် ထရမ့်ဟာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ထဲမှာ အခြားအမှုတွေအတွက် ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုတွေကို တရားခွင်မှာ ရင်ဆိုရဖို့ ရှိနေတာပါ။
ထရမ့်အပေါ် တရားလိုအစိုးရရှေ့နေ (၃) ဦးက စွဲချက် (၄) ခုတင်ထားပြီး အမှုတွေကို တရားစီရင်မယ့် တရားသူကြီး (၄) ဦးမှာ (၂) ဦးက ကျပန်း ရွေးချယ်ထားတာ ဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ထရမ့်ဟာ အမှုတခုခုမှာ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် နှစ်နဲ့ချီ ကျခံရနိုင်ပါတယ်။ ဒါပေမယ့် ထရမ့်ဘက်ကတော့ သူ့အပေါ်စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေဟာ ၂၀၂၄ မဲဆွယ်စည်းရုံးမှုကိုတားဆီးဖို့ရည်ရွယ်တဲ့ နိုင်ငံရေးပယောဂနဲ့ စွဲချက်တွေလို့ အခိုင်အမာ ပြန်လည်ချေပ ပြောဆိုလေ့ရှိပါတယ်။
Your browser doesn’t support HTML5