အမေရိကန် သမ္မတ Donald Trump က သူဟာ အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက် ပါတယ်။
သမ္မတအိမ်ဖြူ အရှေ့ဘက် ခန်းမထဲမှာ အီတလီဝန်ကြီးချုပ် ဂျူဆပေး ကောင်တီ (Giuseppe Conte) နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက သမ္မတကို အီရန်သမ္မတ Hassan Rouhani နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိမရှိမေးမြန်းရာမှာ သမ္မတ Trump က အခုလို ဖြေကြား လိုက်တာပါ။
တွေ့ဆုံဆွေးနွေးမှုကို သူယုံကြည်ကြောင်း သမ္မတက ပြန်ဖြေခဲ့သလို အထူးသဖြင့် စစ်တွေ၊ လူသေဆုံးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ တခြား ကိစ္စရပ် အတော်များများအတွက် တွေ့ဆုံမှုတွေ လုပ်ပြီး ပြောဆိုရမှာ ဖြစ်သလို ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ ပြဿနာ မဟုတ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်အတွက် ရန်ဘက်အသွင် သတ်မှတ်နေကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သူတိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မကြာသေးခင်က မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ သာမက ရုရှား သမ္မတ Vladimir Putin တို့နဲ့ လည်း တဦးချင်း တွေ့ဆုံမှုတွေ လုပ်ခဲ့တာကို ဥပမာတွေ ပေးပြီး ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် တကယ်လို့ အီရန်ဘက်ကသာ တွေ့ချင်တယ် ဆိုရင် သူတကယ်ပဲ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ အခုအချိန်အထိတော့ အီရန်ဘက်က အဆင်သင့် ဖြစ်မဖြစ် သူ မသိသလို အီရန်တို့အတွက် အခုအချိန်ဟာ အခက်အခဲတွေ ကြုံနေရချိန် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အီရန်တို့ ဘက်က တွေ့ချင်တယ် ဆိုရင်တော့ သူ့ဘက်က အဆင်သင့် ဖြစ်နေကြောင်းလည်း သမ္မတ Trump ကပြောပါတယ်။
ဒီလို တွေ့ဆုံဖို့ ကြိုတင် သတ်မှတ်ချက်တွေ ချထားမထား မေးမြန်းရာမှာတော့ ဘာမှ သတ်မှတ်ထားတာ မရှိပဲ သူတို့ တွေ့ချင်တယ် ဆိုရင် သူတွေ့ဆုံမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဝေဖန် သုံးသပ်သူတွေကတော့ သမ္မတ Trump နဲ့ အီရန် သမ္မတ Rouhani တို့ကြား တွေ့ဆုံမှုတွေ မကြာခင်ဖြစ်လာမယ်လို့ မျှော်လင့်မထား ကြပါဘူး။
Your browser doesn’t support HTML5