အီရန်နဲ့စီးပွားရေးဆက်လုပ်နေမယ်ဆိုရင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုအထိ ခံရနိုင်တယ်လို့သတိပေးလိုက်ပါတယ်။ အီရန်နိုင်ငံဟာ Nuclear ဆိုင်ရာသဘောတူစာချုပ်မှာ ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့ပြီးနောက်မှာတောင် ဟန်ပြကုမ္ပဏီတွေသုံး တရားမဝင်ငွေကြေး ထောက်ပံ့မှုတွေလုပ်ပြီး မကောင်းတဲ့လုပ်ရပ်တွေ ဆက်လုပ်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
အဲဒီလုပ်ဆောင်မှုတွေ ပိုတိုးလာမယ်လို့ ခန့်မှန်းတယ်လို့လည်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ မဟာမိတ်နိုင်ငံတွေရဲ့ ကုမ္ပဏီတွေကို အသုံးချ။ သမာဓိရှိတဲ့ ဘဏ္ဍာစနစ်တွေကို အီရန်အစိုးရက အသုံးချပြီး အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ Hezbollah, Hamas နဲ့ ဟူသီသူပုန်တွေကို ငွေကြေးထောက်ပံ့နေတယ်လို့ အကြမ်းဖက်ဝါဒနဲ့ ဘဏ္ဍာရေး ထောက်လှမ်းမှုအဖွဲ့ရဲ့ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Sigal Mandelker ကပြောကြားခဲ့ပါတယ်။
ခုလိုအီရန်ရဲ့ အသုံးချမှုကြောင့် မဟာမိတ်နိုင်ငံတွေက အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ရဲ့ အင်းအားပြင်းတဲ့ အရေးယူဒဏ်ခတ်မှုကို ခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သူကပြောကြားခဲ့တာဖြစ်ပါတယ်။ အီရန် Nuclear သဘောတူညီချက်ကနေ အမေရိကန်သမ္မတ Donald Trump ကပြီးခဲ့တဲ့ လမှာ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပေမဲ့ EU ဥရောပသမဂ္ဂကတော့ ဒီစာချုပ်ကို ပစ်ပယ်ဖို့ မလိုလားပါဘူး။ ဒါပေမဲ့ EU အဖွဲ့ဝင်နိုင်ငံတွေက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ အီရန်နဲ့ စီးပွားရေး မလုပ်အောင်ကာကွယ်တဲ့ ဆောင်ရွက်မှုတွေကို EU တာဝန်ရှိသူတွေ ဆောင်ရွက်နေကြပါတယ်။