စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်လမ်း ရေလမ်းတွေအားလုံးကို ပိတ်ဆို့ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံနေကြရတာပါ။ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုလာတဲ့ ခရီးသည်တွေ ပြီးခဲ့တဲ့ တနင်္ဂလာနေ့ကတည်းက အမ်း၊ တောင်ကုတ် သံတွဲစတဲ့မြို့နယ်တွေမှာ ပိတ်မိနေတာရှိသလို စစ်တွေမြို့နယ်မှာလည်း ခရီးသွားပြည်သူတွေ ရာနဲ့ချီပိတ်မိနေကြတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့ က ရခိုင်လက်နက်ကိုင်AAအဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို စစ်ကောင်စီ ရခိုင်ပြည်တွင်း ကုန်းလမ်း ရေးလမ်းတွေ အားလုံးကို ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေ မရှိတော့ သလို ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ခရီးသွားပြည်သူတွေ ရာနဲ့ချီပိတ်မိနေကြတာပါ။ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာဆိုရင် အနယ်နယ်အရပ်ရပ်က အကြောင်း အမျိုးကြောင့် လာကြတဲ့ ခရီးသည်တွေ ရာနဲ့ချီပြီး ပိတ်မိနေသလို စားသောက် နေထိုင်ရေး အတော်အခက်ကြုံ နေရတယ်လို့ စစ်တွေမြို့တွင်းမှာ ပိတ်မိနေသူတဦးက ပြောပါတယ်။
“ကျနော်တို့က ၁၃ရက်နေ့ ကတည်းက ပိတ်မိ နေတာဟုတ်၊ စားရေးသောက်ရေးကအစ ကျနော်တို့ အတွက်က တော်တော်လေး အခက်အခဲဖြစ်နေတယ်၊ နောက်ပြီးဒီမှာ ကျနော်တို့ တည်ခိုခန်းခ တွေပေါ့နော်၊ မရှိတော့ဘူး ဆိုတော့ ဟိုမှာကပ်နေ ဒီမှာ ကပ်နေ တယောက်နဲ့ တယောက် မျှပြီး သုံးနေရတယ်။ အဲလိုအခက်အခဲတွေရှိတယ် အခုသွားရေးလာရေး စာရိတ် တွေကလည်း တော်တော် ခက်လို့ တချို့ မရှိမဲ့ ရှိမဲ့ လာတဲ့ သူတွေကတော့ အစားအစာ ငတ်တာမျိုးတွေ ရှိတာပေါ့၊ အခြေအနေက တော်တော်ဆိုးနေတယ်။”
ဒါ့အပြင် စစ်တွေမြို့တွင်း ပိတ်မိနေသူတွေထဲမှာ သင်တန်းလာတတ်တဲ့ ပညာရေးဝန်ထမ်းတွေလည်း ပါဝင်တာပါ။ စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်တာနဲ့ အခုလို ပိတ်ဆို့တာ တွေကို မလုပ်သင့်ဘူးလို့လည်း စစ်တွေမြို့တွင်း ပိတ်မိနေသူတဦးကပြောပါတယ်။
“ကျနော်တို့နဲ့ ပါလာတဲ့ သူတွေက ဒီနေရာမှာ အတော်လေးကို ရှိပါတယ်၊ ကား ၄စီး ၅စီးဆိုတော့ တစီး ၄ဝနဲ့ ပဲ တွက်အုံး နောက်ထပ် ခရီးသည်တွေလည်း အများကြီးရှိသေးတာကို အနည်းဆုံး ၅ဝဝ လောက်ရှိမယ်၊ သင်တန်းလာတက်တဲ့ ကျောင်းဆရာမတွေ ကျောင်းဆရာတွေလည်း တော်တော်လေး ပိတ်မိနေကြတယ်၊ ကျနော်ကတော့ ဗျာ သူတို့ဘာသာ သူတို့ တိုက်တာက ပြဿနာမရှိဘူး တိုက်တာ က တိုက်ပေါ့နော်၊ ဒီပိတ်ဆို့ ထားတာကတော့ စားဝတ်နေရေး သွားရေးလာရေးက အစအားလုံး အခက်အခဲတွေ ဖြစ်ကုန်ကြတာပေါ့နော်။ ”
ဒါ့အပြင် ငပလီကမ်းခြေရှိရာ သံတွဲမြို့နယ်မှာဆိုရင် လာရောက်အဖမ်းဖြေကြတဲ့ ခရီးသည်တွေ အပါအဝင် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြန်တက်လာကြတဲ့ ရခိုင်ဒေသခံတွေလည်း နိုဝင်ဘာလ ၁၃ရက် နေ့ကကတည်းက ပိတ်မိနေကြတာပါ။ လာရောက် အဖမ်းဖြေကြတဲ့ ခရီးသည်တချို့ကတော့ သံတွဲရန်ကုန် ပြေးဆွဲနေတဲ့ လေယာဉ်တွေနဲ့ ပြန်ကြတာတွေလည်းရှိပါတယ်။
ရန်ကုန်ကနေ တက်လာတဲ့ ခရီးသည်တင်ကားတချို့က ခရီးသည်တွေကတော့ ဘုန်ကြီးကျောင်း တွေမှာ နေထိုင်နေကြတာပါ။ စစ်ကောင်စီဘက်ကတော့ ပိတ်မိနေတဲ့သူတွေထဲက လာတဲ့နေရာကို ပြန်သွားမယ်ဆိုရင် ပြန်ခွင့်ပေးမယ်လို့ ပြောပေမယ့် ရခိုင်ပြည်နယ်တွင်းက လာသူတွေကိုတော့ ပြန်ဝင်ခွင့် မပေးသေးဘူးလို့ ပိတ်မိနေသူတွေကို ကူညီပေးနေတဲ့ သံတွဲဒေသခံတဦးကပြောပါတယ်။
“ကားနှစ်စီး ရဟန်းက၂ပါး နောက် ကလေးတွေ အမျိုးသမီးတွေ လူကြီးလူငယ်ပေါ့။ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ဘက်က လာတဲ့ကားတွေပါ။ အခု ရခိုင်ဘက်ကိုတော့ သွားလို့ မရသေးဘူး ရန်ကုန်ဘက်ကို ပြန်မယ့် သူတွေကိုတော့ စာရင်းလုပ်နေတယ် ရန်ကုန်ဘက်ကို ပြန်မယ်၊ လာတဲ့နေရာကို ပြန်မယ်ဆိုရင် ပြန်။ ဟိုဘက်ကိုတော့ မဖွင့်ပေးသေးဘူး၊ အခုကတော့ ကျောင်းမှာ နေစရာပေးထားတယ် စားစရာ ပေးထားတယ်။ အလှူရှင်တွေလည်း လာလှူတာတွေ ဘာတွေရှိတယ်။”
ဒါ့အပြင် ရန်ကုန်နဲ့ မန္တလေးဘက်ကနေ ရခိုင်ပြည်နယ်ကို ပြန်ဝင်လာတဲ့ သူတွေဟာလည်း အမ်းမြို့နယ်မှာ ပိတ်မိနေကြ တာပါ။ စစ်ကောင်စီရဲ့ အခုလို ပိတ်ဆို့မှုတွေ ကြောင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မရှိတော့ သလို ကုန်ဈေးနှုန်းမြင့်တက်တာ တွေလည်း ရှိနေတာပါ။ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်တွင်း ကုန်လမ်းရေလမ်းတွေကို ဆက်ပြီး ပိတ်ထားမယ်ဆိုရင် ဒေသတွင်း စားနပ်ရိက္ခာနဲ့ စက်သုံးဆီတွေ လုံးဝပြတ်သွားနိုင်တယ်လို့ ရခိုင်ဒေသခံတွေကပြောဆိုကြပါတယ်။
အခုလို ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်းရေလမ်းတွေကို ပိတ်ဆို့ထားတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဒီကနေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီရဲ့ ကျည်းရေ ပူးပေါင်း စစ်ဆင်ရေးတွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးထိခိုက် ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဘက်ကတော့ တိုက်ပွဲ ၃ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားသလို စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အညံ့ခံလာ ရောက်ပူးပေါင်းတာတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။
Your browser doesn’t support HTML5