၂၀၁၅ နိုင်ငံခြား ခရီးသွား ၄သန်းကျော် မြန်မာ မျှော်မှန်း

ပုဂံနေဝင်ချိန်ကို ကြည့်ရှု့နေကြတဲ့ နိုင်ငံခြားသားခရီးသွားများ။

မကြာခင်လပိုင်းတွေတွင်း အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိလာလေမလား ဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံခြားသား ခရီးသွားတွေကြားမှာ ရှိကြပေမဲ့လို့ မြန်မာနိုင်ငံကို ဒီနှစ်ထဲ လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွား အရေအတွက် ကတော့ လျော့ မသွားတဲ့အပြင် ပိုပြီးတော့တောင် တိုးလာနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဈေးကွက်မြင့်တင်ရေး အသင်းက ပြောပါတယ်။ မြန်မာအစိုးရကလည်း ဒီနှစ်ထဲ နိုင်ငံခြားသား ခရီးသည် လေးသန်းခွဲအထိ တိုးလာဖို့ မျှော်လင့်ထားပါတယ်။ ဒီလို တိုးလာမယ့် ကမ္ဘာလှည့် ခရီးသွားတွေကို လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင့်သင့်ရှိပါရဲ့လား။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

သိပ်မကြာခင်နှစ်ပိုင်းတွေကစလို့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်လဲမှုတွေနဲ့အတူ အရင်ထက် ပိုမို ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွား အရေအတွက် နှစ်စဉ် ပိုများလာနေသလို၊ ဒီနှစ် ၂၀၁၅ တွင်းမှာတော့ မြန်မာနိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွားအရေအတွက်၄ သန်းခွဲအထိ တိုးလာဖို့ မျှော်လင့်ထားတဲ့အကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက မကြာခင်ကပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတာကြောင့် ရွေးကောက်ပွဲနဲ့ အတူ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ နဲ့ စောင့်ကြည့်မှုတွေ နိုင်ငံခြားသား ခရီးသွားတွေကြားမှာ ရှိပေမဲ့လို့ ဒီနှစ်ထဲ မြန်မာနိုင်ငံ ကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား အရေအတွက် ကတော့ လျော့ကျမသွားခဲ့ဘူးလို့ ခရီးသွား လုပ်ငန်း ဈေးကွက်မြင့်တင်ရေး အသင်း ဥက္ကဋ္ဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“လက်ရှိမှာ ခရီးသွား ဧည့်သည်တွေအနေနဲ့ လွန်ခဲ့တဲ့ သုံးလလောက်အထိ သူတို့ Concern ဖြစ်တာ ဘာလဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ကာလမှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ရှိပ့ါမလားဆိုပြီးတော့ သူတို့စိုးရိမ်မှု ရှိပါတယ်။ ဒါပေမယ့် ကျနော့် ပုဂ္ဂလိက အတွေ့အကြုံအရ ကျနော့် ခရီးသွား ကုမ္မဏီအနေအထားအရကတော့ နိုဝင်ဘာအတွက် ခရီးသွားဧည့်သည် booking တွေ ပိုပြီးတော့ ရလာတယ်။

နိုဝင်ဘာလအတွက် ကပ်ပြီးတော့ ပေါ့နော်။ နိုဝင်ဘာဆိုတာ တကယ်ကတော့ high season ၊ top season လို့ ပြောလို့ရပါတယ်။ ခရီးသွားဧည့်သည် အလာအများဆုံး အချိန်တွေ ။ လွန်ခဲ့တဲ့ တပတ်၊ နှစ်ပတ်အတွင်းမှာ စပြီးတော့ နိုဝင်ဘာအတွက် booking တွေ ၊ တက်လာတာမျိုးတွေတွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ လူတွေဟာ စိုးရိမ်မှုရှိကြသော်လည်းပဲ အခု နီးလာတာနဲ့အမျှ အခြေအနေဟာ အများကြီး မပြောင်းလဲဘူးဆိုတာကို မြင်လာကြတဲ့အတွက် ခရီးသွား ဧည့်သည်တွေဆီက ယုံကြည်မှုပြန်ရလာတယ်လို့ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ တိုးလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို လက်ခံဖို့ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဟိုတယ်အသစ်တွေ တိုးမြင့် ဖွင့်လှစ်လာသလို၊ လမ်းပမ်း ဆက်သွယ်ရေး၊ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး စတာတွေမှာလည်း အရင်နှစ်တွေထက် စာရင် အများကြီး သိသိသာသာ တိုးတက်လာတယ်လို့လည်း ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ခရီးသွားဧည့်သည်တွေသွားနေတဲ့ အဓိက ခရီးစဉ်ဒေသ ဖြစ်တဲ့ ပုဂံ၊ မန္တလေး၊ အင်းလေး ဒီနေရာတွေအားလုံးမှာ မိုဘိုင်းဖုန်း network က အရမ်းကောင်းနေ ပါပြီ၊ နောက်တခုက အင်တာနက် အနေနဲ့ ပြောရမယ် ဆိုရင်လည်း တော်တော်လေး အဆင့်မြင့်ထားတယ်။ နောက်တခါ လက်ရှိ ကျနော်တို့ရဲ့ အထိက operater ဖြစ်တဲ့ MPT ဟာလည်း ဂျပန်ကုမ္မဂီတခုနဲ့ ပူးပေါင်းပြီးတော့ အဆင့်မြင့်ထားတာ က တော်တော်လေးကို အဆင့်မြှင့် ထားတာက ပြည့်စုံတယ် လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကောင်းကောင်း မွန်မွန်ရောက်နေပြီ လို့ ပြောလို့ရပါတယ်။ ခရီးသွားလုပ်ငန်း နဲ့ ပတ်သက်ပြီး ဟိုတယ်အသစ်တွေ အများကြီး ထွက်လာတယ်။ နောက် တခါ ရေကြောင်း ခရီးသွားလာရေးနဲ့ပတ်သက်ပြီး အပျော်စီး ခရီး crews တွေ ပိုပြီးတော့ များလာပါတယ်။လေကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုရင်လည်း လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် နဲ့ စာရင်တော့ လေယာဉ် အစီးတွေ ပိုပြီးတော့ များလာတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတွင်း ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ နေရာ အတော်များများမှာ ဖြစ်ပွားခဲ့တာ ရှိသလို၊ ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း တိုးလာတာရှိပေမဲ့လို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ အခြေအနေက နိုင်ငံခြားသား ခရီးသွားတွေ လုံခြုံရေးအတွက် စိုးရိမ်ရလောက်တဲ့ အခြေအနေမှာ မရှိဘူလို့လည်း ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့ လွန်ခဲ့တဲ့ လေး၊ ငါး နှစ် တွေထက် စာရင်တော့ ကျနော်တို့ဆီမှာ crime rate က မြင့်လာပါတယ်။ ဒီလိုမြင့်လာတဲ့ အခြေအနေရှိပေမယ့်လည်း ဒီပြင့် ကျနော်တို့ရဲ့ ဒေသတွင်း နိုင်ငံများနဲ့ ယှဉ်မယ်ဆိုရင်တော့ ရာဇဝတ်မှုက ဖြစ်ပွားမှုအများကြီးမရှိပါဘူး။ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအတွက် ကြုံ့တွေ့ရတဲ့ ဥပမာ ခရီးသွားဧည့်သည်တွေကို သတ်လိုက်တဲ့ လူသတ်မှုဆိုတာမျိုးတော့ ကျနော်တို့ အခုလောလောဆယ်မှာ မကြားဘူးသေးပါဘူး။ လုယက်မှုလောက်တော့ ရှိပါတယ်။”

ဒီနှစ်ထဲ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွား အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် တနှစ်လုံးမှာ ရှိခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ဦးရေ အရေအတွက် ၃ သန်းကျော်ထက်ကို ပိုများနေပြီ ဖြစ်တာကြောင့် ဒီနှစ်တွင်း ကမ္ဘာလှည့်ခရီးသွား ၄ သန်းခွဲကနေ ၅ သန်းအထိ တိုးလာဖို့ မြန်မာအစိုးရက မျှော်လင့်နေတာဖြစ်ပါတယ်။ ဒီလို တိုးလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို လက်ခံနိုင်ဖို့အတွက် ဒီနှစ်ထဲမှာ ဟိုတယ်ခန်းပေါင်း ၄ သောင်းကျော်အထိ တိုးမြင့် ဖွင့်လှစ်ထားတယ်လို့လည်း ကိုဖြိုးဝေရာဇာက ပြောပါတယ်။