TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က သူတို့ဒေသတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို ၆လအတွင်း CDM လုပ်ဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူသွားမယ်လို့ သတိပေးလိုက်ပါတယ်။ တအန်း(ပလောင်)ဒေသမှာ CDM လုပ်သူတွေကို စစ်တပ်က အရေးယူတာရှိသလို မလုပ်သူတွေကို TNLA က အရေးယူမယ့်အခြေအနေ ရှိတာကြောင့် သူတို့ဘဝဟာ လုံခြုံမှုမရှိဘဲဖြစ်နေကြောင်း ဒေသခံဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ကိုစံကျော်က တင်ပြထားပါတယ်။
TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းတွေကို CDM လုပ်ဖို့ အရင်က စာပို့ တိုက်တွန်းတာ၊ ဟောပြောတာတွေရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြေညာချက်ထုတ်ပြန်ပြီး မလိုက်နာရင် အရေးယူမှာဖြစ်ကြောင်း သတိပေးလိုက်တာပါ။
ဒီလို သတိပေးတိုက်တွန်းလိုက်တာနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ ဒါကတော့ ကျနော်တို့ အုပ်ချုပ်ရေးဌာနကနေ အောက်ခြေကို ညွှန်ကြားစာဖြစ်ပါတယ်။ အဓိကတော့ ဒီ CDM ကိစ္စပေါ့။ ကိုယ့်ဒေသ၊ ကိုယ်နယ်မြေအတွင်း Non CDM ဝန်ထမ်းတွေပေါ့။ CDM မဝင်သေးတဲ့ဟာတွေကို အသိပေးသွားဖို့ ဖြစ်တာပေါ့။ ၆လအတွင်း ဒီသြဂုတ်အထိပေါ့။ ”
ထုတ်ပြန်တဲ့စာမှာ သြဂုတ်လအထိ CDM မလုပ်ဖူးဆိုရင် တအန်း(ပလောင်)ဒေသက ထွက်ခွာဖို့နဲ့ မလိုက်နာရင် အရေးယူသွားဖို့ ပါဝင်ပါတယ်။ ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ ဖော်ပြတာမရှိပါဘူး။
TNLA က အဓိက တိုက်တွန်းထားတဲ့ နယ်မြေတွေမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေ ပါဝင်သလို သူတို့ လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊မူဆယ်နဲ့ နမ့်ခမ်း မြို့နယ်တွေ ပါဝင်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။
နမ့်ဆန်ဒေသခံ ဝန်ထမ်းတစ်ဦးကတော့ TNLA ရဲ့ တိုက်တွန်းချက်အပေါ် သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။
“ ကျွန်တော်တို့ ဒီတော်လှန်ရေးဒေသလို့လည်း ယူဆတယ်။ တော်လှန်ရေးကာလလည်း ယူဆတဲ့အတွက်ကြောင့် ဒီလိုမျိုးပြုလုပ်တဲ့အပေါ်မှာတော့ ကျွန်တော်တို့ အနေနဲ့တော့ လက်ခံပါတယ်။ ဒါပေမဲ့ တချို့ တချို့အရာတွေက တစ်ဦး တစ်ယောက်အပေါ်မှာတော့ ဖိအားသက်ရောက်သွားတာပေါ့နော်။ ပြန်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုး ပြိုင်တူ တွန်းနိုင်မှ အရွေ့တစ်ခုက ရှေ့ပိုရောက်မယ်လို့တော့ ယူဆလို့ပေါ့နော်။”
လောလောဆယ်မှာတော့ သူတို့ ဒေသမှာ Non-CDM ပဲဖြစ်ဖြစ်၊ CDM ပဲဖြစ်ဖြစ် နှစ်ဘက်လုံးမှာ လုံခြုံမှုတော့ မရှိကြောင်းလည်း ဆက်ပြောပါတယ်။
“ လုံခြုံမှုကတော့ CDM ပဲဖြစ်ဖြစ်၊ Non CDM ပဲဖြစ်ဖြစ် ဒီ နှစ်ဦးနှစ်ဘက်ကတော့ စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း လုံခြုံတယ်လို့တော့ မရှိကြဘူးပေါ့နော။ ဒီ Non CDM ဖြစ်နေတဲ့သူတွေကလည်း ဒေသမှာ စိုးမိုးနေတဲ့ အဖွဲ့အစည်းအသီးသီးတွေ ရှိကြတာပေါ့နော်။ အဲဒီအတွက် Non CDM တွေအတွက် တစုံတရာဖိအားခံစားကြရမှာပေါ့။ CDM သမားတွေကျတော့လည်း ဒီ စကစဘက်က ပေးလာမယ့် ဖိအားပေါ့။ သူတို့မှာလည်း ရင်ဆိုင်နေရတာပေါ့။ CDM ဖြစ်ဖြစ်၊ Non CDM ဖြစ်ဖြစ် ကိုယ်စီ ကိုယ်စီ စိတ်ဖိစီးမှုတွေတော့ ရှိကြတာပေါ့။ ”
TNLA က သူတို့ ထုတ်ပြန်ချက်မှာ အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားသလို စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက CDM ဝန်ထမ်းတွေကို တာဝန်ပြန်ထမ်းဆောင်ဖို့ ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။
၂၀၂၂ခုနှစ် မတ်လအတွင်းမှာတော့ နမ့်ဆန်မြို့နယ်က CDM လုပ်သူ ပညာရေးဝန်ထမ်း ၉၀၀ကျော်ရှိရာမှာ ၆၀၀နီးပါးခန့် အလုပ်ပြန်ဝင်ခဲ့ကြောင်း၊ အများစုဟာ မိသားစုအခက်အခဲကြောင့်ဖြစ်ကြောင်း ရွှေဖီမြေ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Your browser doesn’t support HTML5