အရှေ့အလယ်ပိုင်းဒေသတင်းမာမှုရဲ့ ရိုက်ခတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဂျူး၊ အာရပ်နဲ့ မူဆလင် အသိုင်းအဝိုင်းတွေအပေါ် ခြိမ်းခြောက်မှုတွေ တိုးလာနေပြီး အမေရိကန် အမိမြေလုံခြုံရေးဌာနနဲ့ ရဲဌာနတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ခြိမ်းခြောက်မှု အတိုင်းအတာနဲ့အရေအတွက် တိုးလာနေပြီး ဘုရားရှိခိုးကျောင်းတွေကို ဗုံးခွဲ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာ၊ ဂျူး ၊ အာရပ်-အမေရိကန်နဲ့ မူဆလင် အသိုင်းအဝိုင်းတွေကို တိုက်ခိုက်ဖို့ အွန်လိုင်းကနေ တိုက်တွန်း နှိုးဆော်တာ စတာတွေလည်း ပါဝင်တယ်လို့ အမိမြေလုံခြုံရေးဌာန DHS နဲ့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို FBI တို့ကလည်း ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့က ၆ နှစ်အရွယ် ပါလက်စတိုင်း-အမေရိကန် ကလေးငယ်တဦး သေဆုံးခဲ့ပြီး သူရဲ့မိခင် ဒဏ်ရာရရှိသွားခဲ့တဲ့ ဓါးထိုးတိုက်ခိုက်မှုဖြစ်ရပ်ကို ထောက်ပြထားပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁,၄၀၀ ကျော် သေဆုံးခဲ့တဲ့အချိန်ကတည်းက အမေရိကန်ပြည်ထောင်စုအတွင်း နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဝါရှင်တန် ဒီစီ အပါအဝင် ဒေသအတော်များများမှာ လုံခြုံ ရေး တိုးမြှင့်ထားပါတယ်။
အစ္စရေးကလည်း ဟားမတ်စ် အခြေစိုက်ရာ ဂါဇာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်လူ ၆,၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အခုလိုပဋိပက္ခတွေရဲ့လှုံ့ဆော်မှုကြောင့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်လိုသူတွေ၊ တဦးတည်း အထီးကျန်အစွန်းရောက်နေသူတွေရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဆက်ဖြစ်လာနိုင်တယ်လို့ DHS နဲ့ FBI တို့က သတိပေးထားပါတယ်။
Your browser doesn’t support HTML5