မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်ခံရမှုတွေ ပြင်းထန်လာနေချိန်မှာ လေကြောင်းရန်ကာကွယ်ရေး နည်းပညာ အကူအညီတွေ လက်တွေ့ ထောက်ပံ့ပေးဖို့ အမေရိကန်-မြန်မာတက်ကြွလှုပ်ရှားသူတွေကတောင်းဆိုနေကြပါတယ်။ အမေရိကန်ရဲ့ အကူအညီအပေါ် အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်တွေရှိသလို တော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးအရ စုစည်းမှု ရှိဖို့လည်းလိုတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဆိုရင် မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ပထမ ၄ လတာ ကာလထဲမှာတင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် တရက်ကိုပျမ်းမျှ အနည်းဆုံး ၆ ခု ရှိနေပါတယ်။ ဒီကာလအတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၄၆ ခုအတွင်း သေဆုံးသူ ၃၆၉ ဦးအနက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူက ၁၆၈ ဦး ရှိပြီး ဒါဟာ သေဆုံးမှုစုစုပေါင်းရဲ့ ၄၆ % အထိရှိနေတယ်လို့ ဉာဏ်လင်းသစ်က ဆိုပါတယ်။ Myanmar Peace Monitor ရဲ့ လေ့လာမှု မှတ်တမ်းမှာ ဆိုရင်လည်း စစ်အာဏာသိမ်းပြီးကတည်းကနေ လက်ရှိ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးရမှုက ၁,၂၇၀ ရှိနေပြီလို့ ဆိုပါတယ်။
၂၀၂၄ ခု နှစ်ကုန်ပိုင်းအထိလည်း လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက် မြင့်တက်နေပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ်လကုန်ပိုင်းနဲ့ စင်တင်ဘာလဆန်းတွေထဲ သီတင်းနှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ကြောင့် အနည်းဆုံး အရပ်သား အယောက် ၄၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian ရဲ့စက်တင်ဘာ ၉ ရက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာ ထဲမှာလည်း မြန်မာနိုင်ငံအနှံ့မှာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ “အရပ်သားတွေအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်နေတာဖြစ်ပြီး လုံးဝ လက်သင့်မနိုင်တဲ့ ကိစ္စဖြစ်လို့” အမေရိကန်အစိုးရအနေနဲ့ အခု ချက်ချင်း ထိထိရောက်ရောက် အရေးယူပေးဖို့ မဖြစ်မနေ လိုနေပြီလို့ မြန်မာအမေရိကန်အမျိုးသမီးများ မဟာမိတ်အဖွဲ့ (BAWA) ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်တင့်တင့်က ဗွီအိုအေကို ပြောပါတယ်။
“အရပ်သားပြည်သူကိုဦးတည်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ကိစ္စက အင်မတန် လွန်လွန်းလာပါတယ်။သို့သော် ပြည်သူမှာက လေယာဥ်ပစ်တဲ့အမြောက်က ရှိတဲ့ကိစ္စမဟုတ်တဲ့အခါကျတော့ အင်မတန်ကို ဒုက္ခဆင်းရဲတွေနဲ့တွေ့နေတာကို ကျမတို့တွေ တွေ့မြင်နေရပါတယ်။ BURMA Act ကလည်း ခွင့်ပြုထားသား ဖြစ်ပါတယ်။ ဒါကိုဆက်လက်ပြီးတော့ Early Warning System (ကြိုတင် အချက်ပေးစနစ်) ဆိုတာတို့၊ လေယာဥ်ဆီဖြတ်တောက်ရေးဆိုတာတို့က တကယ်တမ်းကျတော့ လူသတ်လက်နက်လည်း မဟုတ်တဲ့အတွက် သူ့တို့ရဲ့ အခြေခံ သတ်မှတ်ချက်တွေကိုဘောင်ဝင်ပါတယ်။”
SEE ALSO: စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး အလားအလာBURMA Act ကတော့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေအောက်က မြန်မာ့အရေးဖြေရှင်းဖို့ ပြဌာန်းထားတာဖြစ်ပြီး လွှတ်တော်နှစ်ရပ်လုံးရော၊ သမ္မတကပါ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး အမေရိကန်အစိုးရ အတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးကကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့က နောက်ဆက်တွဲအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လကုန်မှာတင်သွင်းခဲ့တဲ့ BRAVE BURMA Act ဆိုတာလည်း ရှိနေပါတယ်။ ဒါက အရေးယူ ဆောင်ရွက်မှုတွေကတဆင့် အမှန်တကယ်တာဝန်ခံမှုရှိစေရေး (Bringing Real Accountability Via Enforcement) ဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းဖြစ်ပြီး ဒီထဲမှာလည်း လက်တွေ့ကျတဲ့အရေးယူမှုတွေ လုပ်နိုင်တယ်လို့ မြန်မာ-အမေရိကန် ဒီမိုကရေစီမဟာမိတ်အဖွဲ့ (BADA) ရဲ့ဥက္ကဋ္ဌ ဦးညွန့်သန်းက ထောက်ပြပါတယ်။
“Burma Caucus ကနေ ဆက်နွှယ်ပြီးတော့ BRAVE Burma Act ဆိုပြီး ထွက်လာတာ မဆိုးပါဘူး။ အဓိကတော့ အချက်နှစ်ချက်ပေါ့နော်။ ဗမာပြည်မှာ လေယာဥ်ဆီပြတ်တောက်သွားအောင်က သူ့ထဲဝင်နေတဲ့ Fund (ငွေကြေး) တွေကို ဖြတ်ပစ်ရမယ်။ MOGE (မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း)၊ မြန်မာ့စီးပွားရေးဘဏ် တို့လိုမျိုးနဲ့၊ နောက် IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) လိုနေရာမျိုးမှာလည်း ဗမာပြည်က ပိုက်ဆံချေးလို့မရအောင် လုပ်ရမယ် ဆိုတာတွေ။ ဒါတွေက တကယ်လုပ်သင့်တဲ့ ဟာတွေပါပဲနော်။ အခုဆိုရင် ထိုင်းတို့ စင်ကာပူတို့ဆိုရင် ဗမာနိုင်ငံက ခရိုနီတွေရဲ့အကောင့်တွေဆို တဖြည်းဖြည်းနဲ့ ပိတ်ကုန်ပြီပေါ့နော်။ အဲ့ဒါတွေကို ကျနော်တို့ တော်တော် ကြိုဆိုပါတယ်။”
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကို ဗွီအိုအေက မေးမြန်းရာမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေရပ်တန့်ဖို့ တောင်းဆိုပြီး အရပ်သားပြည်သူတွေကိုအကာအကွယ်ပေးနိုင်ဖို့လက်နက်မဟုတ်တဲ့ အကူအညီတွေပေးနိုင်ရေး အမေရိကန်အစိုးရအဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်နေတယ်လို့တုံ့ပြန်ပေမယ့် ဘယ်လိုအကူအညီဆိုတာကိုတော့ အသေးစိတ် ဖော်ပြမထားပါဘူး။
SEE ALSO: စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနေရတဲ့ ချင်းလူထု အခြေအနေဦးညွန့်သန်းကတော့ နိုင်ငံခြားငွေဖြတ်တောက်တဲ့နည်းလမ်းနဲ့ စစ်ကောင်စီရဲ့ လေယာဥ်ဆီဝယ်ယူနိုင်စွမ်းကို ကန့်သတ်နိုင်မှာဖြစ်ပေမယ့် အရပ်သားတွေရဲ့ အသက်ကို တိုက်ရိုက်ကယ်တင်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေး ကြိုတင်သတိပေးစနစ်တွေ၊ ဆက်သွယ်ရေး နည်းပညာ အကူအညီမျိုးမှာကျ အမေရိကန်အနေနဲ့ လက်တွေ့ ကူညီဖို့မှာပြိုင်ဘက်လည်း ဖြစ်၊ မြန်မာရဲ့ အိမ်နီးချင်းလည်း ဖြစ်တဲ့ တရုတ်နိုင်ငံကို ကြည့်နေရတယ်လို့ ရှုမြင်ပါတယ်။
“Early Warning System လိုဟာမျိုးကတော့ BRAVE BURMA Act မှာလည်း ကျနော် စာကြောင်း တကြောင်းတွေ့တယ်။အဲ့ဒါက တရုတ်နဲ့ ရုရှားနဲ့ Multi-lateral (ဘက်ပေါင်းစုံ) ဆွေးနွေးပြီးတော့ ဗမာစစ်တပ်ကို Pressure (ဖိအား) လုပ်ဖို့ ဆိုတာလေး သူ အဲဒီမှာ ပါတယ်။ အဲဒါ တော်တော်လေး သဘာဝကျတယ်။ အမေရိကန်က လက်တွေ့ တကယ် ထိထိရောက်ရောက်မလုပ်နိုင်တာက တရုတ်နဲ့အမေရိကန်က ဒီ အရှေ့တောင်အာရှနဲ့ ပစိဖိတ်မှာက တကယ် တိုက်ရိုက်ကို ပြိုင်နေတော့။ အခု တရုတ်က ကချင်ကို သွားတွေ့တယ်။ သူပြောတာက အမေရိကန်နဲ့ မဆက်ဆံနဲ့လို့ ပြောနေတယ်။ ဆိုတော့တရုတ်ကလည်း ကမ္ဘောဒီးယားမှာ ရေတပ် သင်္ဘောတွေရောင်းနေတယ်။ အဲဒီလို ဖြစ်တဲ့ အချိန်မှာ Early Warning ကိုတရုတ်က ဘယ်လိုမြင်မလဲမသိဘူး။ တရုတ်လက်မခံရင် ဘာလုပ်မလဲဆိုတော့ ဒီက Bill (ဥပဒေ မူကြမ်း) ထဲမှာ ထည့်လုပ်တာကနည်းနည်း၊ တရုတ်ကကျ အာဏာရှင်ဆိုတော့ ဝုန်း ဆိုပြီး တကျပ်ဖိုးလောက်လုပ်ရင် ဟိုက ၁၀၀ ဖိုးလောက်လုပ်လိုက်မှာလည်း စိုးရိမ်ရတယ်လေ။”
ဒါကြောင့် အရပ်သားတွေအပေါ် ထိခိုက်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျသွားစေရေးမှာ ငွေကြေးဆိုင်ရာပိတ်ဆို့ အရေးမှုတွေက တဆင့် လေယာဥ်ဆီတွေ ရနေတာကို ဖြတ်တောက်ပစ်ရမှာအပြင် အမေရိကန်အနေနဲ့ တရုတ်နဲ့ရုရှားနဲ့ကို အပေးအယူလုပ်ပြီးတော့ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးပြီး တရုတ်အစိုးရလက်ခံလာနိုင်အောင် သံခင်းတမန်ခင်းလုပ်ဖို့ လိုအပ်နေတယ်လို့ ဦးညွန့်သန်းက ထောက်ပြပါတယ်။
Your browser doesn’t support HTML5
ဩဂုတ်လကုန်ပိုင်းက တရုတ်ခရီးစဥ်သွားခဲ့တဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလဗန် (Jake Sullivan) ရဲ့ ခရီးစဥ် အတွင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) နဲ့ မြန်မာ့ အရေး ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ကြေညာပေမယ့် ဘယ် အချက်အလက်တွေဆွေးနွေးခဲ့သလဲ ဆိုတာတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်က မထုတ်ပြန်ပါဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်းလည်း ဖြစ်၊ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ပြီး မြန်မာ့အရေး လှုံ့ဆော်နေသူတဦးဖြစ်တဲ့ ဦးကိုကိုလေးကတော့ အတည်ပြုပြီးBURMA Act အောက်က ပိတ်ဆို့ အရေးယူမှုမှာ ဟာကွက်တချို့ ရှိနေသေးတယ်လို့ ယူဆပါတယ်။
“ပိတ်ဆို့ အရေးယူမှုမှာ သူက ရွေးချယ်ပြီးတော့ ဒီ MOGE မှာ လုပ်ကိုင်နေတဲ့နေတဲ့ အရာရှိတွေတွေကို ပစ်မှတ်ထားတဲ့တဦးချင်း နာမည်တပ် အရေးယူဆောင်ရွက်မှုတွေ လုပ်တယ်။ ငွေရေးကြေးရေးကို ပါလုပ်တယ်။ တော်တော်လေးကိုထိရောက်တယ်။ သို့သော် အသက်ထွက် မသွားဘူး။ အဲ့လို အသက်ထွက်မသွားရတာ အကြောင်းရင်းက MOGE ကိုတိုက်ရိုက် Absolute sanction (အလုံးစုံ ဒဏ်ခတ် အရေးယူ) လုပ်ပါတယ်ဆိုတာမျိုး မလုပ်လိုက်တဲ့အတွက်ကြောင့်loophole (ဟာကွက်) ဖြစ်ပြီးတော့ သွေးစွန်းငွေဖြတ်တောက်ရေးက မထိရောက်ဘူးဖြစ်နေတာပေါ့။”
ဒါကလည်း လက်တွေ့ အရေးယူမှုပိုင်းမှာ ဥပဒေပြု လွှတ်တော်ဘက်က အုပ်ချုပ်ရေးဘက်ကို ရှေ့တိုးနောက်ဆုတ် လှုပ်သာ လှည့်သာပြီး လိုသလို ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုပေးထားလို့ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။ လက်ရှိ သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒ ကလည်း အရင်က စစ်တပ်ဦးဆောင်ခဲ့တဲ့ မြန်မာ့အသွင် ကူးပြောင်းရေးကို အင်တိုက်အားတိုက် ထောက်ခံပေးခဲ့တဲ့ အိုဘားမားအစိုးရရဲ့ မူဝါဒ လိုပဲ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို သွားချင်ပုံရလို့ တိုက်ရိုက် အလုံးစုံ ပိတ်ဆို့အရေးယူတာတွေ မလုပ်တာလို့ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
“ကျနော်တို့ Grassroots (သာမန် ပြည်သူတွေ) အနေနဲ့တော့၊ Tax payers (အခွန်ထမ်းသူ) တွေအနေနဲ့ကတော့ ဒါမလွဲမသွေ လုပ်ကို လုပ်ရမယ်။ ဒီထက်မက လုံးဝ Shutdown (ရပ်တန့်မှု) ဖြစ်သွားအောင်လုပ်ဖို့အတွက် ကျနော်တို့ကတော့ တိုက်တွန်းသွားမယ်။ စာတွေပို့ပြီးတော့ လုပ်တာမျိုးတွေလည်း ရှိသလို ဒီဆန္ဒထုတ်ဖော်ပြီးတော့ ပြတာတွေလည်း ရှိပါတယ်။
SEE ALSO: Burma Act အကူအညီများ လက်တွေ့ဆောင်ရွက်ဖို့ မြန်မာ့အရေးဆောင်ရွက်သူများတိုက်တွန်းတဘက်မှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုအနေနဲ့ နိုင်ငံရေးအရ အခုထက်ပိုတဲ့ စုစည်းမှုမျိုးပြနိုင်ရင် နိုင်ငံတကာရဲ့ အရေးယူမှုတွေက ပိုထိရောက်လာနိုင်မယ်လို့ ယူဆကြသူတွေရှိပါတယ်။ လက်ရှိစစ်ရေးအရ ရှေ့ကိုတွန်းနေသလိုပဲ ဘုံနိုင်ငံရေး သဘောတူညီမှု တခုခုပြနိုင်ခဲ့ရင် အမေရိကန်အစိုးရကို ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်နိုင်ဖို့ စည်းရုံးနိုင်မယ်လို့ ဦးညွန့်သန်းက ထောက်ပြပါတယ်။
“Post-conflict Constitution (ပဋိပက္ခလွန် ဖွဲ့စည်းပုံ) နိုင်ငံရေး ဘုံသဘောတူညီချက် ကျနော်တို့မှာ အခုထက်ထိ မရှိဘူး။ မရှိတော့ အမေရိကန် ကိုယ်နှိုက်ကလည်း တခုခုကိုတွန်းမယ်၊ တော်လှန်ရေး ရှေ့ရောက်အောင် တွန်းမယ်ဆိုရင်တောင် သူက အာဏရှင် ပြုတ်ကျသွားပြီးမှ ကိုးရို့ကားယား ဖြစ်ရင် သူ့မှာ ပြဿနာ တက်မယ်လေ။ မြန်မာပြည်မှာ စစ်အာဏာရှင်ပြုတ်ကျသွားရင် ငါတို့ ငြိမ်းချမ်းသာယာမှုဖြစ်မယ်လို့ ဘယ်သူကမှ လက်တွေ့မှာ ယုံကြည်ချက် မရှိသေးဘူး။ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ NUG နဲ့ ဒီခေါင်းဆောင်တွေနဲ့ လက်တွဲပြီးတော့ ငါတို့ကတော့ ဒီဟာကို ဖော်ဆောင်မယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုက ဘယ်လို ငြိမ်းချမ်းမယ်၊ ဘယ်လို သာယာမယ်၊ ဘယ်လို ဝပြောမယ်၊ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ တကယ့်ကို မိတ်ဖက်ဖြစ်မယ်ဆိုတာလေး ကျနော်တို့ ပြနိုင်ရင် တရုတ်လည်း Nervous (စိုးရိမ်တာ)၊ ခေါင်းခြောက်တာ လျော့သွားမယ်။ အမေရိကန်လည်းလျော့သွားမယ် ဆိုရင် အဲဒါ ဖြစ်နိုင်တယ်။ ကျနော်တို့က နိုင်ငံခြားတွေမှာကို မဟုတ်ဘူး၊ ကိုယ့်အချင်းချင်းကိုပဲ ကျနော်တို့က ရှေ့တိုးရမယ်။”
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဗွီအိုအေကို စက်တင်ဘာ ၁၀ ရက် နေ့က ဖြေကြားချက်ထဲမှာတော့”စစ်ကောင်စီရဲ့ကျယ်ပြန့်ပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အရေးတကြီးလိုအပ်နေတယ်ဆိုတာပြသပြီး ရက်စက်မှုတွေကို တားဆီးနိုင်ရေးနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေရဲ့မိသားစုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာအသိုင်းအဝိုင်းကို ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းကြောင်း” ဖော်ပြထားပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာ့အရေး ညှိနှိုင်းမှုတွေ ဘယ်လောက်အထိရှိနေလဲဆိုတာတော့ ထုတ်ဖော်တာမျိုး မရှိပါဘူး။
အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ အစိုးရသတင်းစာတွေမှာ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့က ရေးသားချက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော် ကျူးလွန်ခဲ့တယ်ဆိုတဲ့ မီဒီယာရေးသားချက်တခုကို သတင်းမှား အဖြစ်တုံ့ပြန်တာအပါအဝင် အရပ်သားတွေအပေါ် ကျူးလွန်မှုတွေကို မမှန်မကန် စွပ်စွဲချက်တွေအဖြစ် တုံ့ပြန်ထားသလို လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို ဖြေကြားချက်ထဲမှာလည်း “ပြည်သူတွေကိုကာကွယ်ပေးဖို့ တိကျမှုရှိမှသာ တိုက်ခိုက်တယ်” ဆိုပြီး ကာကွယ်ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5