စစ်ကောင်စီ စစ်ဆင်ရေးကြောင့် လောင်းလုံမှာ ဒေသခံထောင်ချီတိမ်းရှောင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ မကြာသေးခင်တုန်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်ခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ စစ်ဆင်ရေးအတွင်း နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မခင်ဖြူထွေး ပြောပြမှာပါ။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် နေ့ကတည်းက စစ်ကောင်စီအဖွဲ့တွေ ရေကြောင်းကနေတဆင့် ရောက်လာပြီး၊ ဒေသခံ ၁ သောင်းကျော်ဟာ ကြောက်လန့်ပြီး ရွာထဲမှာမနေတော့ဘဲ ထွက်ပြေးခဲ့ကြတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

"လောင်းလုံးနဲ့ မြတ်ရှင်မော်ဘုရား ကြားမှာရှိတဲ့ရွာတွေ တော်တော်များများကတော့ ရှောင်ပြေးရတယ်ဗျ။ ဒေသခံကတော့ ၁ သောင်းကျော်လောက်တော့ ပြေးရတယ်ဗျ။ အဲဒီထဲမှာရှိတဲ့ ရွာတွေ တော်တော်များများလည်း မီးရှို့ခံရတယ်။ အဓိက ခံလိုက်ရတာတော့ ညောပြင်ကျေးရွာပေါ့နော်။ ဖိုးဖိုးကျောက် ကမ်းခြေရှိတဲ့ ညောပြင်ကျေးရွာ။ အဲဒါကတော့ အဓိက အများဆုံး ခံလိုက်ရတာပေါ့။"

ထားဝယ်မြစ်ဝနဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ လောင်းလုံးမြို့နယ်ကို ရေကြောင်းကနေတဆင့် ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျွန်းဆွယ်တလျှောက်မှာရှိတဲ့ ရွာတွေဆီဝင်ပြီး ဇန်နဝါရီလ ၁၄ ရက်၊ မနေ့တုန်းက ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။

"သူတို့က ရက် ၂၀ ကျော်ကြာ ခြေကျင်လျှောက်ပြီးတော့ လောင်းလုံးကနေပြီးတော့ ကျွန်းဆွယ်တလျှောက်ပေါ့ဗျာ၊ တရွာဝင် တရွာထွက် စစ်ကြောင်းထိုးပြီးတော့ ဟိုးအောက်ထိ အဆုံးထိ သွားလိုက်တဲ့ပုံစံ ဖြစ်နေတယ်။ မနေ့ညက စစ်ကြောင်းကတော့ ပြန်ထွက်သွားတယ်ဗျ။ စစ်ကြောင်းက ပြန်သွားတာတော့ မဟုတ်ဘူးဗျ။ သူတို့က မြို့နယ်ကူးသွားတာ။ ရေကြောင်းကနေ ဖြတ်ပြီးတော့ သရက်ချောင်းဘက်ကို ကူးသွားတာ။"

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ

ရွာတွေထဲမှာ စစ်ကောင်စီအဖွဲ့တွေ ရှိနေချိန် ရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၂,၀၀၀ ဝန်းကျင်ဟာ စစ်ရှောင်နေခဲ့ရတယ်လို့ ကူညီနေသူတွေဆီက သိရပါတယ်။ ဒါပေမဲ့ တကယ့်မြေပြင်မှာတော့ ရွာပေါင်းနဲ့ ဒေသခံဦးရေဟာ ဒီထက်ပိုများနိုင်တယ်လို့ ပြောပါတယ်။ စစ်ကောင်စီအဖွဲ့တွေ မရှိတော့ပေမယ့် ရွာထဲကို ဒေသခံအားလုံး ပြန်မဝင်နိုင်သေးပါဘူး။ တချို့ကတော့ နေအိမ်မီးရှို့ခံလိုက်ရလို့ ပြန်စရာအိမ် လုံးဝမရှိတော့တဲ့ အခြေအနေ ရင်ဆိုင်နေရတာပါ။

"တချို့ကတော့ ပြန်ရာက်နေပြီဗျ။ သူတို့စစ်ဘေး ခဏရှောင်သွားတာပေါ့နော်။ ပြန်နေလို့ရတဲ့ အနေအထားရှိတဲ့ မိသားစုဝင်တွေကျတော့ ရွာတွေမှာ ပြန်ဝင်နေကြတယ်ဗျ။ တချို့ကကျတော့လည်း မလာရဲသေးဘူး။ အခု ၁ရက်၊ ၂ ရက် ထပ်စောင့်ဦးမယ့် ပုံစံမျိုးတွေရှိတယ်။ တချို့ကကျတော့ ပြန်နေစရာ မရှိတော့ဘူး။ အိုးအိမ်တွေလည်း မရှိတော့ဘူး။ အကုန်လုံးမီးရှို့ ခံလိုက်ရတယ်ဆိုတော့ အဲလိုမျိုးလည်း ရှိတယ်ဗျ။"

စစ်ကြောင်းထိုး ကာလအတွင်းမှာ အရပ်သားနေအိမ် ၁၄၀ ဝန်းကျင် မီးရှို့ခံရပြီး၊ အဲဒီထဲက နေအိမ် ၁၀၀ ကျော်ဟာ ညောပြင်ကျေးရွာက နေအိမ်တွေဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ထားဝယ်ခရိုင်၊ သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးချိန်မှာ ထွက်ပြေးတယ်ဆိုပြီး အောက်ကျောက်ဝပ်ရွာခံ အမျိုးသား ၁ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။ စစ်ကောင်စီဘက်ကတော့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ စစ်ဆင်ရေးကြောင့် လောင်းလုံမှာ ဒေသခံထောင်ချီတိမ်းရှောင်